တနိုင်ငံလုံးရှိ ကြိုးတံတားတွေကို ပြန်လည်စစ်ဆေးနေ၊ ကြိုးတံတားအဟောင်းများ ပြင်ဆင်မည်

မြန်မာနိုင်ငံတ၀န်းရှိ ကြိုးတံတား ၂၉ စင်းမှာ ၁၀ စင်းကို အသေးစိတ်စစ်ဆေးခဲ့ပြီး ပြန်ဆောက်ဖို့လိုတဲ့ တံတားတွေကို ပြန်လည်တည်ဆောက်နေပြီလို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။
သြဂုတ်လ ၂၁ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မီဒီယာတွေရဲ့ မေးမြန်းချက်တွေ ကို ပြန်လည်ဖြေဆိုခဲ့တာပါ။
ဒါ့အပြင် ဂျပန်၊ တရုတ် နိုင်ငံတွေရဲ့ အကူအညီနဲ့ လက်ရှိကြိုးတံတားအဟောင်းတွေကို ပြန်လည်မြှင့်တင်သွားဖို့ ရှိတယ်လို့ ဒုဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။
"မွန်ပြည်နယ်မှာ ကြိုးတံတား သုံးစင်းရှိတယ်။ ဇာသပြင်မြစ်ကူးတံတား၊ ကော့ကရိတ် မြစ်ကူးတံတား၊ အတ္ထရံ မြစ်ကူးတံတား သုံးစင်းကို JICA ရဲ့ အကူအညီနဲ့ တည်ဆောက်သွားပါမယ်။ ဒါလည်း အန္တရာယ်ရှိ တံတားတွေ ဖြစ်ပါတယ်။ နောက် မကွေးတိုင်းမှာရှိတဲ့ မယ်ဇလီတံတားကိုတော့ ပြန်လည်တည်ဆောက်နေပါပြီ။ ဒါကြောင့် အရေးကြီးတဲ့ တံတားအားလုံးကို တချို့ဟာတွေကို အသစ်ပြန်လည်တည်ဆောက်နေတယ်။ တချို့ဟာတွေကို ပြန်လည်မြှင့်တင်သွားမှာဖြစ်ပါတယ်။" လို့ ပြောပါတယ်။
ဧပြီ ၁ ရက်နေ့က ပြတ်ကျတဲ့ မြောင်းမြကြိုးတံတားအပါအဝင် ကြိုးတံတား အစင်း ၃၀ ရှိပြီး အခြားသက်တမ်း တူတံတားတွေကိုလည်း ခြောက်လအတွင်း စစ်ဆေးဖို့ သမ္မတက နှစ်ကူးမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
ဒုဝန်ကြီး ဦးကျော်လင်းက "ကြိုးတံတား ၂၉ စင်းမှာ ၁၀ စင်းက အသေးစိတ် စစ်ဆေးပြီးပါပြီ။ အဲထဲမှာ အရေးတကြီး လိုအပ်နေတဲ့ ဧရာဝတီတိုင်းမှာရှိတဲ့ မြောင်းမြတံတားကတော့ အသစ်ပြန် တည်ဆောက် ထားတယ်။ ဧရာဝတီတိုင်းမှာရှိတဲ့ ပင်လယ်လေးတံတားရယ်၊ ဝါးခယ်မတံတားရယ်၊ ရွှေချောင်းတံတား၊ ကျွန်းကုန်းတံတားရယ် လေးစင်းကို လာမယ့် ၂၀၁၈-၁၉ အောက်တိုဘာကစပြီး အသစ်ပြန်တည်ဆောက်ဖို့အတွက် တင်ပြထားပြီး ဖြစ်ပါတယ်။ စလည်း စတင် တည်ဆောက်တော့မှာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ ၁၀ စင်းကို လက်ရှိ စစ်ဆေးပြီးပါပြီ။ ပြန်လည်တည်ဆောက်ဖို့ လိုအပ်တဲ့ တံတားတွေကိုလည်း ပြန်လည်တည်ဆောက်နေပါပြီ" လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ တည်ဆောက်ပြီးတံတားတွေကို နှစ်စဉ် ၁ နှစ်ကို ၂ ကြိမ် ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။











