DVB Logo
Home
မြန်မာသတင်း
ဒေါ်လာဈေး စံချိန်တင်မြင့်တက်ပြီးနောက် စက်သုံးဆီဈေးတက်
DVB
·
August 21, 2018
ဒေါ်လာဈေး စံချိန်တင်မြင့်တက်ပြီးနောက် စက်သုံးဆီဈေးတက်
Donate to DVB

မြန်မာပြည်တွင်းမှာ ဒေါ်လာဈေးတွေ စံချိန်တင်မြင့်တက်လာကြီးနောက် စက်သုံးလောင်စာဆီဈေးတွေဟာ ခုနှစ်ဆန်းပိုင်းကနဲ့ ယှဉ်မယ်ဆိုရင် ကျပ် ၂၀၀ လောက်အထိ မြင့်တက်နေပါတယ်။

ရန်ကုန်မှာ ဒီဇယ်ဈေးနှုန်းဟာ ဇန်နဝါရီ ၂ ရက်က တလီတာကို ၈၀၀ ကျပ်ပဲ ရှိခဲ့ပေမယ့် ဒီနေ့ သြဂုတ် ၂၁ ရက် နေ့လယ်ပိုင်းမှာတော့ တလီတာကို ကျပ်  ၉၆၀ လောက်အထိ ဖြစ်လာတာပါ။ အောက်တိန်း 92 ကတော့ တလီတာကို ၈၀၀ ကျပ်ကနေ အခုတော့ ၉၃၅ ကျပ်ဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ ဆီဈေးတွေအားလုံးဟာ တလီတာကို ၂၀ ကျပ် ဝန်းကျင် ပိုပြီး မြင့်တက်လာတာပါ။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး  ဒေါက်တာဝင်းမြင့်ကတော့ “ဆီဈေးကတော့ ဒေါ်လာဈေးပေါ်မူတည်ပြီးတော့ ဖြစ်နေပါတယ်။ သိပ်တော့ အပြောင်းအလဲ မရှိတော့ပါဘူး။ တက်တာတော့ မတက်တော့ပါဘူး”လို့ ပြောပါတယ်။

ဒါပေမယ့် မနေ့က သြဂုတ် ၁၇ ရက်နေ့မှာ လောင်စာ ဆီအားလုံးရဲ့ဈေးနှုန်းတွေကို သြဂုတ် ၁၆ ရက်နေ့ထက် တလီတာကို ၁၀ ကျပ်ကနေ ၁၅ ကျပ်အထိ အသင်းက တိုးမြှင့်သတ်မှတ်လိုက်တာကို တွေ့ရပါတယ်။

မန္တလေးတိုင်း စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်းကတော့ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်ကစပြီး ဒီဇယ်နဲ့ အောက်တိန်း 92 တလီတာကို ၁၀၀၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် တလီတာကို ၁၀၁၀ ကျပ်နဲ့ အောက်တိန်း 95 တလီတာကို ၁၀၅၀ နဲ့ ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အရှုံးနည်းအောင် ခုလို ဆီးဈေးတင်လိုက်တာ ဖြစ်တယ်လို့ အသင်းဥက္ကဋ္ဌ ဦးသက်ဝေက ပြောပါတယ်။

“ရန်ကုန်ဆိပ်ကမ်းအရောက် တပီပါကို ၂၁၀,၀၀၀ ကျပ် လောက်ကျတယ်။ ဒီမှာ လက်ကားဈေးက တပီပါကို ၂၀၈,၀၀၀ ကျပ်နဲ့ရောင်းတော့ စရိတ်နဲ့တွက်ရင် တပီပါကို ၈၀၀၀၊ ၉၀၀၀ ကျပ် လောက်ရှုံးနေတာ။ လက်လီဈေးက တလီတာကို စရိတ်မပါပဲ ၁၀ ကျော်၊ ၂၀ လောက်မြတ်တယ်” လို့ ပြောပါတယ်။

အသင်းဝင် ဆိုင်တွေအနေနဲ့ သတ်မှတ်ဈေးထက် ၅ ကျပ်လောက် လျှော့ပြီး ရောင်းချ ပေးနေပါတယ်လို့လည်း သူက ပြောပါတယ်။ မန္တလေး စက်သုံးဆီရောင်းချသူများ အသင်းရဲ့ ဈေးနှုန်းသတ်မှတ်ချက်တွေအရလည်း ပြီးခဲ့တဲ့ ဧပြီလနဲ့ ယှဉ်ရင် ၁၁၀ ကျပ် ပိုပြီး မြင့်တက်လာတာပါ

ရန်ကုန်မြို့က တက္ကစီယာဉ်မောင်း ကိုဝေလင်းက “ဒီနေ့ တလီတာကို ၉၃၀ ၊အရင်ထက် ၂၀ ထပ်တက်တယ်။ ကားခကတော့ ပိုတောင်းလို့ မရဘူးလေ။ ကျနော်ကတော့ အနီးအနားတွေပဲ လိုက်တော့တယ်” လို့ ပြောပါတယ်။

ခုလို ဆီဈေးနှုန်းတက်တာဟာ ဒေါ်လာဈေးတက်တာကြောင့် ဖြစ်တယ်လို့ ဆီလုပ်ငန်း ရှင်တွေက ပြောပါတယ်။ ဒေါ်လာဈေးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမြင့်ဆုံးအထိကို တက်ခဲ့ပြီး အခုတော့ ပြန်ကျလာပြီ ဖြစ်သလို ကမ္ဘာ့ရေနံစိမ်းဈေးလည်း တည်ငြိမ်နေပေမယ့် ပြည်တွင်းဆီဈေးကတော့ ပြန်မကျ သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013