
ချင်းပြည်နယ်အတွင်းက ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်တွေအတွက် လစဉ် ထောက်ပံ့ကြေး ပေးနိုင်ဖို့အတွက် အသက်မွေးဝမ်းကျောင်းနဲ့ စားရပ်နိက္ခာ ဖူလုံရေး ရန်ပုံငွေ အဖွဲ့ Lift က အမေရိကန်ဒေါ် လာ ၁၃ သန်းထောက်ပံ့ထားပါတယ်။
လစဉ်ထောက်ပံ့ကြေးအနေနဲ့ မိခင်တစ်ဦးကို ငွေကျပ် ၁၅၀၀၀ နဲ့ ဒေသအတွင်းက ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် အမျိုးသမီးဦးရေ ၁၉၀၀၀ လောက်ကို ထောက်ပံ့ပေးဖို့ စာရင်းသွင်းထားတယ်လို့ သိရပါတယ်။
အဲ့ဒီလို ထောက်ပံ့ကြေးကို ၂၀၁၇ ဇွန်လပိုင်းက စတင်လို့ နှစ်လတကြိမ် ထောက်ပံ့ပေးခဲ့တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်ထန်က ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ Chin MCCT Baseline Report ဖြန့်ချိပွဲ အခမ်းအနားမှာ ပြောပါတယ်။
“နှစ်လတစ်ကြိမ်ထောက်ပံ့ပေးတဲ့ အစီအစဉ်ပေါ့။ တစ်လကို တစ်သောင်းခွဲနှုန်းနဲ့ နှစ်လကို သုံးသောင်းပေါ့။ အထောက်အပံ့ ပိုက်ဆံထုတ်ပေးတဲ့ အခါမှာ မိခင်တွေအနေနဲ့ ဒီငွေတွေကို တကယ် ကလေးအတွက် အသုံးပြုဖို့လိုအပ်ပါတယ်။ ဒီနှစ်နှစ်ကတော့ Lift နဲ့ အစိုးရနဲ့ ပူးပေါင်းပြီး ထောက်ပံ့တယ်။ နောက်လတွေမှာ ထောက်ပံ့ဖို့အတွက်ကတော့ နိုင်ငံတော် ဘတ်ဂျတ်အနေနဲ့ ထောက်ပံ့နိုင်ဖို့အတွက်လည်း တောင်းခံထားပါတယ်”လို့ ဦးပေါင်လွန်မင်ထန်က ပြောပါတယ်။
Lift က ချင်းပြည်နယ်မှာရှိတဲ့ မိခင်နဲ့ ကလေးတွေကို ငွေကြေးပံ့ပိုးမှုအစီအစဉ် (MCCT) အတွက် ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉ အတွက် အမေရိကန်ဒေါ်လာ ၁၃ သန်း ထောက်ပံ့ ပေးထားတယ်လို့လည်း သိရပါတယ်။
ချင်းပြည်နယ်က မိခင်တွေနဲ့ ကလေးတွေဟာ အာဟာရ ပြည့်ဝစေတဲ့ အစာအုပ်စု မျိုးစုံအောင် စားသောက်ခြင်းမရှိတာကို တွေ့ရတယ်လို့လဲ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
Lift အဖွဲ့ဟာ မြန်မာနိုင်ငံက ကျေးလက်နေပြည်သူတွေရဲ့ လူမှုဘ၀ မျှော်လင့်ချက်တွေ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ဖို့အတွက် သြစတြေးလျ၊ ဒိန်းမိတ်၊ ပြင်သစ်၊ အိုင်ယာလန်၊ အီတလီ၊ လူဇင်ဘတ်၊ နယ်သာလန်၊ နယူးဇီလန်၊ ဆွစ်ဇာလန်၊ ယူကေ၊ အီးယူနဲ့ အမေရိကန်တို့ကထည့်ဝင် လှူဒါန်းမှုတွေ၊ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းတို့ရဲ့ ပံ့ပိုးမှုတွေနဲ့ အလှူရှင်တွေ စုပေါင်းပြီး မြန်မာပြည်မှာ ၂၀၁၀ ခုနှစ်က စတင်တည်ထောင်ခဲ့ပါတယ်။











