
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေနဲ့ တခြားမြေ ၂၈၇၅၉.၁၄ ဧကကို ဗဟိုသိမ်းဆည်းခံလယ်ယာမြေနှင့် အခြားမြေများ စိစစ်ရေး ကော်မတီရဲ့ ညွှန်ကြားချက်နဲ့ ပြန်လည်စွန့်လွှတ်လိုက်ပြီလို့ ဖားကန့်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးက ပြောပါတယ်။
အရင်အစိုးရတွေလက်ထက် အကြောင်းအမျိုးမျိုးပြပြီး ခရိုနီတွေ၊ ကုမ္ပဏီတွေ၊ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေက သိမ်းဆည်းထားခဲ့တဲ့ ကြသောဝါရာဇွပ်၊ နောင်းမြီ၊ တရုံ၊ ဒွန်ဘန်၊ ကားမိုင်း၊ နန့်ယား၊ ကပ်မှော်ဇွပ်၊ ဆိပ်မူ အစရှိတဲ့ ကျေးရွာတွေက လယ်မြေတွေကို ပြန်စွန့်လွှတ်လိုက်တာပါ။
ဒီလိုသိမ်းဆည်းခံရစဉ်က ဒေသခံ ပြည်သူတွေများစွာ ဒုက္ခကြုံခဲ့ရပြီး သူတို့အနေနဲ့ လွှတ်တော်မှာ မေးခွန်းမေးမြန်းတောင်းခံခဲ့တဲ့အတွက် အခုလို ပြန်လည်စွန့်လွှတ်လိုက်တာဖြစ် တယ်လို့ ပြောပါတယ်။.
“ဖားကန့်မြို့နယ်ထဲမှာဆိုရင် ဧကပေါင်း ၂၈၀၀၀ ကျော်ပြန်လည်စွန့်လွှတ်ထားခဲ့ပါပြီ။ အဲဒီမှာ အဓိကအများဆုံးက ယုဇနကုမ္ပဏီက သိမ်းဆည်းခံတဲ့တာမြေအများဆုံးပေါ့ဗျာ။ အဲတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ ကျနော်ပြီးခဲ့တဲ့လကမှ အဲဒီဒေသကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ အမှုအခင်းတွေမပြီးသေးတဲ့ကိစ္စရပ်တွေရှိတယ်။ အဲဒီမှာရှိတဲ့လယ်သမားတွေဟာ ရှေးဘိုးဘွား လက်ထက်ကတည်းက နေထိုင်လာခဲ့ကြတာ။ ပြီးတော့ အဲဒီမှာရှိတဲ့ ကျွဲနွားတွေကို လည်း စားကျက်မြေမှာ ဒီတိုင်းလွှတ်ထားတဲ့စနစ်နဲ့ မွေးမြူလာခဲ့ကြတာဖြစ်တယ်။ ဒီဟာကို ယုဇနက ယူလိုက်တဲ့အခါကျတော့သူတို့မှာ ကျွဲနွားတွေကျောင်းဖို့လည်း မရှိတော့ဘူး။ နောက်ဆုံးရွာ သူတို့ကိုယ်တိုင်လုပ်တဲ့လယ်မြေလည်း မရှိတော့ဘူး။ အဲလိုမျိုးဖြစ်တဲ့အတွက် တော်တော်လေး ကို အကြပ်အတည်းတွေလေးတွေ တွေ့ရတဲ့အနေအထားမျိုးတွေရှိတယ်။ အခုလိုမျိုး ကျနော်တို့ ပြန်လည် စွန့်လွှတ်ရပြီဆိုတဲ့အခါကျတော့ သက်ဆိုင်ရာလယ်သမားတွေနဲ့ နဂိုက ပိုင်ဆိုင်တဲ့ သူတွေကတော့ အဆင့်ဆင့်ပြန်လည်လျှောက်ထားရယူနိုင်တဲ့ အနေအထားမျိုး ဖြစ်လာခဲ့ပြီ”
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးအနေနဲ့ ၂၀၁၆ ခုနှစ်က အဲဒီမြေယာတွေနဲ့ ပတ်သက်ပြီး မေးခွန်းမေးမြန်းခဲ့ပြီး လွှတ်တော်ကတိကဝတ်ရရှိထားခဲ့ပါတယ်။
ခုဒီက္စိ အကောင်အထည်ဖော်နိုင်တဲ့ အတွက် တောင်သူလယ်သမားတွေနဲ့ တန်းတူ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတယ်လို့ ပြောပါတယ်။
ကချင်ပြည်နယ်အတွင်း အခုလို မြေယာသိမ်းဆည်းမှုတွေ များစွာရှိပြီး တနိုင်းနဲ့ ဖားကန့်မြို့နယ်ကမြေယာတွေကို ဗဟိုသိမ်းဆည်းခံ လယ်ယာမြေနှင့်အခြားမြေများ စိစစ်ရေး ကော်မတီရဲ့ ညွှန်ကြားချက်နဲ့ ပြန်လည်စွန့်လွှတ်ကြောင်း ဇူလိုင် ၂၀ ရက်က ထုတ်ပြန်ရာမှာ ဖားကန့်မြို့နယ်က မြေယာဧက ၂ သောင်းကျော် ပါဝင်တာ ဖြစ်ပါတယ်။
အလားတူ တနိုင်းမြို့နယ်မှာလည်း ဧကသိန်းချီ ပြန်လည်စွန့်လွှတ်ထားတယ်လို့ သိရပါတယ်။










