DVB Logo
Home
မြန်မာသတင်း
ကင်တားနားနှင့် ကိုဖြိုးဝေအောင် တတိယအကြိမ် တွေ့ဆုံ
DVB
·
July 31, 2012
ကင်တားနားနှင့် ကိုဖြိုးဝေအောင် တတိယအကြိမ် တွေ့ဆုံ
Donate to DVB

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်စ် အိုဟေးကင်တားနားဟာ ၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှုနဲ့ စွပ်စွဲခံရပြီး သေဒဏ် ချမှတ်ခံရသူ နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင်ကို အင်းစိန်ဆေးရုံမှာ မနေ့ နေ့လယ်ပိုင်းက သွားရောက်တွေ့ဆုံပါတယ်။

ကင်ဆာရောဂါသည် ကိုဖြိုးဝေအောင်ကို သွားရောက်တွေ့ဆုံခဲ့ရာမှာ မစ္စတာ ကင်တားနားက ကျန်းမာရေး အခြေအနေကို မေးမြန်းခဲ့သလို သူအပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေကနေပြီး ကိုဖြိုးဝေအောင် လွတ်မြောက်ရေးအတွက် တောင်းဆိုနေတဲ့ အကြောင်း ပြောဆိုခဲ့တယ်လို့ ကိုဖြိုးဝေအောင်ရဲ့ ဇနီး မဌေးဌေးက ပြောပါတယ်။

[caption id="attachment_21482" align="alignleft" width="300" caption="ကိုဖြိုး​ဝေ​အောင်"][/caption]

မစ္စတာကင်တားနားကိုလည်း ကိုဖြိုးဝေအောင်ရဲ့ ရောဂါအခြေအနေ ရှင်းပြခဲ့တယ်လို့ မဌေးဌေးက ပြော ပါတယ်။

“သူက ၂၀၁၁၊ ၁ လပိုင်းလောက်ကတည်းက ဖျားတာကနေစပြီးတော့ အသည်းရောဂါ စဖြစ်တယ်။ ကျမတို့စသိတာက အယ်လ်ထရာဆောင်းရိုက်ပြီးတော့ သိတာ ၃ လပိုင်းမှာ စသိတယ်။ အသည်းမှာ အကျိတ်တွေတွေ့တယ်၊ ပုံမှန်မဟုတ်ဘူးဆိုတာကို။ ဒါပေမယ့် အင်းစိန်ထောင်က တာဝန်ရှိသူတွေ၊ ဆရာဝန်တွေဟာ အပြင်မှာရှိတဲ့ အသည်းအထူးကုနဲ့ ခေါ်ပြီးလည်း မပြပေးဘူး။ အမိန့်ချပြီး ၂ လကျော်ကြာမှ အပြင်ထုတ်လိုက်တော့ အကျိတ်တွေက တလုံး နှစ်လုံး မဟုတ်တော့ဘူး။ အများကြီးဖြစ်သွားပြီးတော့မှ ကင်ဆာဆဲလ်တွေက ကျောရိုးမကြီးကို သွားပြီးဖျက်ဆီးတဲ့အတွက် ကျမအမျိုးသားဟာ အောက်ပိုင်းသေသွားခဲ့တယ်။ ဒါကိုတော့ မစ္စတာကင်တားနားကို ရှင်းပြလိုက်တယ်။ အသည်းကင်ဆာဖြစ်တာက သူ့ဘ၀အကြောင်းပါ ဒါကိုတော့ ဘာမှမပြောလိုပါဘူး။ တာဝန်ရှိသူတွေ၊ ထောင် ဆရာဝန်တွေရဲ့ လူသားတယောက်ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို မပေးဘဲနဲ့ သူတို့ရဲ့ လုပ်ရပ်ကြောင့် အောက်ပိုင်းသေသွားရတယ်။ အသည်းကင်ဆာအတွက် သူဆေးသောက်ပြီးနေလို့ရပေမယ့် အောက်ပိုင်းသေတာဟာ သူ့ဘ၀တခုလုံးကို ပေးလိုက်ရတာပါလို့ သူ ပြောသွားတယ်။”

မစ္စတာကင်တာနားကလည်း ဒီဖြစ်ပျက်ပုံကို သူ့ရဲ့အစီရင်ခံစာမှာ ထည့်သွင်းသွားမယ်လို့ အားပေးခဲ့တယ်လို့ ပြောပါတယ်။

“မစ္စတာကင်တားနားက ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ဒီလောက် ဆိုးဆိုးဝါးဝါး အဖြစ်ခံလိုက်ရတာတွေကို သူ့အစီရင်ခံစာမှာ ထည့်ရေးမယ်။ ဒါနဲ့တင် ကျမတို့ကလည်း ကျေနပ်ပါ တယ်။ အခုလောလောဆယ်မှာ ကျမ ယောက်ျားကို လွှတ်လိုက်ပြီဆိုရင်တောင် ကျမတို့မှာ ဆက်လုပ်စရာ ဘာမှမရှိတာ။ ခြေထောက်မှာခတ်ထားတဲ့ သံကြိုးဖြုတ်တာကလွဲလို့ပေါ့လေ။ မစ္စတာကင်တားနားက ကျမတို့ဆီ လာတဲ့အခါမှာလည်း မိသားစုဆန်ဆန်လေးနဲ့ ကျမတို့အတွက် လိုအပ်တဲ့ခွန်အားတွေ အများကြီးပေးသွားတဲ့အတွက် သူ့ကိုတော့ အများကြီး ကျေးဇူးတင်တယ်။”

တရားရုံးက ကိုဖြိုးဝေအောင်ကို သေဒဏ်ချမှတ်ခံရတဲ့အပေါ် မစ္စတာကင်တာနားက မြန်မာ့ တရားစီရင်ရေးကို ဝေဖန်ခဲ့ဖူးပါတယ်။ ဒီသေဒဏ်ကိုချမှတ်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ မလွတ်လပ်သလို လူ့အခွင့်အရေးစံနှုန်းတွေနဲ့ မကိုက်ညီဘူးဆိုတာ ပြသတာပဲလို့ ထောက်ပြခဲ့ဖူးပါတယ်။

မစ္စတာ ကင်တာနားဟာ ကိုဖြိုးဝေအောင်နဲ့ မတွေ့ခင်မှာ မနက်ပိုင်းက အင်းစိန်ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၂ ဦးနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။  မြန်မာနိုင်ငံတ၀ှမ်းက အကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူပေါင်း ၃၀၀ ကျော်ရှိနေသေးကြောင်းလည်း ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က  ပြောပါတယ်။

မစ္စတာကင်တားနားဟာ  မနေ့က ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ရုံးခန်းမှာ  ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)နဲ့ မျိုးဆက်သစ်လူငယ်များအစည်းအရုံး (GW) အဖွဲ့တွေနဲ့ တွေ့ဆုံပြီး လူ့အခွင့်အရေးအခြေအနေ၊ နိုင်ငံရေးအပြောင်းအလဲတွေနဲ့ ပတ်သက်လို့ အမြင်တွေကို မေးမြန်း မှတ်တမ်းယူသွားခဲ့ပါတယ်။

မစ္စတာ ကင်တားနားဟာ အကြမ်းဖက်မီးရှို့သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ကိုလည်း ဒီနေ့ သွားရောက်လေ့လာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013