DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားများ တောင်းဆိုချက် တာ့ခ်ခရိုင်ဝန် မလိုက်လျော
DVB
·
July 31, 2012
မြန်မာအလုပ်သမားများ တောင်းဆိုချက် တာ့ခ်ခရိုင်ဝန် မလိုက်လျော
Donate to DVB

ယာယီနိုင်ငံကူးလက်မှတ် ရှိပေမယ့် နယ်မြေပြင်ပ ထွက်ခွာခွင့် ကန့်သတ်ခံရတဲ့  ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ထိုင်းအလုပ်သမား ဥပဒေအတိုင်း ခံစားခွင့်ပေးဖို့ ခရိုင်ဝန်ထံ တောင်းဆိုချက်ကို တာ့ခ်ခရိုင်ဝန်က ငြင်းဆန်လိုက်ပါတယ်။

[caption id="attachment_28641" align="alignright" width="300" caption="မြန်မာအလုပ်သမားလက်မှတ်များ စစ်​ဆေး​နေ​စဉ်"][/caption]

နယ်စပ်ဒေသကနေ ထိုင်းနိုင်ငံအတွင်းပိုင်းဘက်ကို ရွှေ့ပြောင်း လုပ်ကိုင်လာတဲ့ အလုပ်သမားတွေ များပြားလာတဲ့အတွက် ခရီးသွားလာရေးတွေ ကြပ်မတ်ထားရကြောင်း တာ့ခ်ခရိုင်ဝန်ရုံးက ၂၀၁၂ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့ နေ့စွဲပါ စာအမှတ်နဲ့ ပြန်လည်ပေးပို့ခဲ့တယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ဆောင်ရွက်နေတဲ့ မက်ဖောင်ဒေးရှင်းအဖွဲ့ဝင် ကိုအေးက  ပြောပါတယ်။

“တောင်းဆိုထားတာတွေ တခုမှ လုပ်မပေးဘူး။ သွားမယ်ဆိုရင် နည်းလမ်း ၂ လမ်းနဲ့ မဟုတ်ဘူးဆိုရင် မသွားနဲ့။ သူဌေးအာမခံမရှိဘူးဆိုရင် ဘန်ကောက်မှာ ဆင်းလုပ်မယ်ဆိုရင် သူဌေးရဲ့ ပြောင်းလွှဲစာ အားလုံးယူပြီးသွားရတယ်။ အလည်တွေ ဘာတွေ သွားလို့မရဘူး။ သူဌေးထောက်ခံစာ ယူသွားရတယ်။”

အလုပ်သမားဥပဒေအတိုင်းဖြစ်ဖို့ တောင်းဆိုချက် ငြင်းပယ်ခံရတဲ့အတွက်    အလုပ်သမား အခွင့်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ဦးဆောင်ပြီး မကြာခင်မှာ ဘက်ပေါင်းစုံပါဝင်တဲ့ စည်းဝေးပွဲကြီးဖော်ဆောင်ပြီး အဖြေရှာကြမယ်လို့ ကိုအေးက ပြောပါတယ်။

ဒီစည်းဝေးပွဲကြီးမှာ အလုပ်သမားတွေ အပါအ၀င် သက်ဆိုင်ရာ ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ နယ်ခြားစောင့်တပ်၊ နယ်မြေခံရဲနဲ့ လုပ်ငန်းရှင်အဖွဲ့တွေပါ ဖိတ်ကြားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက လုပ်အားခ သတ်မှတ်ချက်အရ ဘန်ကောက်၊ တာ့ခ်၊ ထိုင်းတောင်ပိုင်း စသဖြင့် နယ်မြေဒေသတခုနဲ့တခု မတူညီကွဲပြားခြားနားမှု ရှိပါတယ်။

ဒီနှစ် ဧပြီ ၁ ရက်နေ့ စတင်တဲ့ အနိမ့်ဆုံးလစာနှုန်းထားအရ ဘန်ကောက်၊ နွန်သဘူရီ၊ ပထုံဌာနီ၊ ဆမွတ်ပရာကန်၊ ဆမွတ်ဆခွန်၊ နခွန်ပထွန်နဲ့ ဖူးခက် စတဲ့ ခရိုင် ၇ ခုမှာ ၁ ရက်ကို ဘတ် ၃၀၀ စတင်ပေးနေပေမယ့် ကျန် ခရိုင် ၇၀ မှာ အဲဒီနှုန်းထက်နည်းပါတယ်။ ဒါကြောင့် ပိုမိုရရှိတဲ့နေရာတွေကို အလုပ်သမားတွေက သွားလိုကြတာဖြစ်ပါတယ်။

အလုပ်သမား ဥပဒေအရ တာ့ခ်ခရိုင်ထဲမှာ နေ့တွက်အနိမ့်ဆုံးလုပ်ခ ၂၂၆ ဘတ် ရမှာ ဖြစ်ပေမယ့်လည်း လက်တွေ့မှာတော့ ဘတ် ၁၂၀ ထက်ပိုပြီး မရကြကြောင်းနဲ့ ယာယီနိုင်ငံကူးလက်မှတ် ဗီဇာကြေးတွေဆောင်လိုက်ရင် ဘာမှမကျန်ဘူးလို့ ကိုအေးက ပြောပါတယ်။

တာ့ခရိုင်အတွင်းမှာ ဥပဒေပါအတိုင်း ခံစားခွင့်ရှိရင် အဝေးကို ရွှေ့ပြောင်းလုပ်ကိုင်လိုကြမယ် မထင်ဘူးလို့ ကိုအေးက ခန့်မှန်းပြောဆိုပါတယ်။

အလုပ်သမားတွေ နယ်ပြောင်းရွှေ့မှုတွေများလာတဲ့အပေါ် ထိန်းချုပ်ပေးဖို့  ထိုင်းလုပ်ငန်းရှင်များအဖွဲ့က ခရိုင်ဝန်ထံ ဒီနှစ်ဆန်းပိုင်း တင်ပြခဲ့ပြီးတဲ့နောက် အလုပ်သမားတွေရဲ့ ခရီးသွားလာမှု စိစစ်ကန့်သတ်ဖို့ အောက်ခြေအဆင့်ကို ခရိုင်ဝန်ရုံးက ညွှန်ကြားခဲ့သလို တခြားဒေသတွေလိုမဟုတ်ဘဲ ထောက်ခံစာမပါဘဲ ခရီးသွားတဲ့ အလုပ်သမားတွေ ဂိတ်အထွက်မှာ ဆွဲချခံရပြီး တချို့ကတော့ ငွေပေးပြီး လွတ်လာတာတွေလည်း ရှိတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။

ဒီကိစ္စကို ဖြေရှင်းပေးဖို့ အလုပ်သမားအဖွဲ့၊ လူထုအခြေပြုအဖွဲ့၊ လူ့အခွင့်အရေး၊ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့ပေါင်း ၃၀ ကျော် လက်မှတ်ထိုးပြီး တာ့ခ်ခရိုင်ဝန်ဆီကို ဇွန် ၂၇ ရက်နေ့ နေ့စွဲနဲ့စာတစောင် ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ထိုင်း-မြန်မာ နယ်စပ် တာ့ခ်ခရိုင်ထဲမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၁ သိန်း ၇ သောင်းလောက် ၀င်ရောက် လုပ်ကိုင်နေတယ်လို့  ချင်းမိုင်အခြေစိုက် မက်ပ်ဖောင်ဒေးရှင်း အလုပ်သမားကျန်းမာရေးနဲ့ ပညာပေးအဖွဲ့က ပြောပါတယ်။

ထိုင်း အစိုးရထုတ်ပြန်ချက်အရဆိုရင်တော့ ဘန်ကောက်အပါအ၀င် ခရိုင် ၇ ခုမှာ လက်ရှိ ၁ ရက်လုပ်ခ ဘတ်ငွေ ၃၀၀ ခံစားရသလို ကျန်ခရိုင် ၇၀ မှာလည်း လာမယ့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့ကစလို့ အနိမ့်ဆုံး ၁ ရက်လုပ်ခ ဘတ် ၃၀၀ ခံစားရစေမယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013