DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ဘူတာကြီးတွင် ခရီးသည်ထံက မတန်တဆငွေတောင်းသူများ ဖမ်းဆီးခံရ
DVB
·
August 20, 2018
ရန်ကုန်ဘူတာကြီးတွင် ခရီးသည်ထံက မတန်တဆငွေတောင်းသူများ ဖမ်းဆီးခံရ
Donate to DVB

ရန်ကုန်ဘူတာကြီးမှာ ခရီးသည်ရဲ့ ပစ္စည်းကိုသယ်ပေးပြီး မတန်တဆ ငွေကြေးတောင်းခံခဲ့သူ ၆ ဦးကို မီးရထားရဲတပ်ဖွဲ့က  ဖမ်းဆီးအရေးယူလိုက်ပါတယ်။

သြဂုတ် ၁၈ ရက် ညပိုင်းက ရန်ကုန်ဘူတာကြီးမှာ ဝန်ထမ်းမဟုတ်ဘဲ အပြာဝတ်ထားသူ ၆ ယောက်က ခရီးဆောင်အိတ်သုံးလုံး သယ်ဆောင်ခအဖြစ် ၁၇၀၀၀ ကျပ် အမျိုးသမီးခရီးသည် တယာက်ဆီက တောင်းယူခဲ့တာပါ။

ငွေတောင်းခံရသူဟာ အမျိုးသမီး စာရေးဆရာမတယောက်ဖြစ်ပြီး  အဲဒီနေ့ညမှာပဲ သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ အခုလို ငွေတောင်းခံရတဲ့အကြောင်း ရေးသားခဲ့ပါတယ်။

“ကျမ မယုံနိုင်လို့ လေးခါတိတိ ထပ်မေးမိပါတယ်။ နဘေးက တက္ကစီ သမားတွေကလည်း ပေးလိုက်ဖို့ပြောပါတယ်။ ကျမက ကားတံခါးကို ပြန်ဖွင့်ဆင်းလာပြီး ဘာလို့ အဲ့လောက်ပေးရမှာလဲလို့ မေးမိတော့ ခုနက အပြာဝတ်အဖွဲ့ ခြောက်ယောက်က ကျမနဲ့ ကျမသူငယ်ချင်းကို ဝိုင်းထားလိုက်ပါတယ်။ နဘေးမှာ ဘာလုံခြုံရေး ဘာရဲမှ မရှိပါဘူး။ အားလုံးက လူမိုက်ရုပ်တွေပါ။ ကျမကို မင်းက ဘယ်လောက်ပေးချင်တာလဲလို့မေးတာကြောင့် ကျမလက်ထဲမှာ ကိုင်ထားတဲ့ နှစ်ထောင်ကိုပြလိုက်တယ်။ သတ်တော့မယ့် ရုပ်တွေနဲ့ ကျမတို့ကို ကြည့်နေကြပါတယ်။ ပုံစံတွေက လက်ရဲဇက်ရဲပုံစံတွေပါ” လို့ ရေးထားပါတယ်။

မကျေနပ်လို့ ရဲကို သွားတွေ့မယ်လုပ်တဲ့အချိန်မှာလည်း ခေါင်းဆောင်လုပ်သူက ကြိုက်တဲ့ရဲကို သွားတိုင်လို့ ပြောခဲ့ကြောင်းလည်း သူက ဆက်ရေးသားထားပါတယ်။

ညအချိန် မိန်းကလေး နှစ်ယောက်တည်း ဖြစ်နေတာမို့ နောက်ဆုံးတော့ ငွေ ၆၀၀၀ ပေးလိုက်ပြီး သူနဲ့ ဖြစ်စဉ်တူ အမျိုးသမီးကြီးတယောက်ကလည်း ငွေ ၇၀၀၀ ပေးလိုက်ရတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်ဘူတာကြီးတာဝန်ရှိသူတွေဟာ နောက်နေ့မနက် ၉ နာရီမှာပဲ အစည်းအဝေးပြုလုပ်ခဲ့ကြပြီး မြန်မာ့မီးရထားဌာနကိုယ်စား ခရီးသည်ကို အနူးအညွတ်တောင်းပန်တယ်လို့ မြန်မာ့မီးရထားတိုင်း ၇ သွားလာရေးဌာနက အထွေထွေ မန်နေဂျာ ဦးဇော်လွင်က သူ့ရဲ့လှုမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒီဖြစ်စဉ်မှာ ပါဝင်သူတွေကို ရထားရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး မနက်ဖြန်မှာ ဒီကိစ္စကို သတင်းစာရှင်းလင်းမယ်လို့ ဦးဇော်လွင်က ဒီဗွီဘီကို ပြောပါတယ်။

တွန်းလှည်းတစီးအတွက် အလုပ်သမားခ နှုန်းထားတွေဟာ အနည်းဆုံး ၇၀၀ ကျပ်ကနေ ၁၅၀၀ ကျပ် အထိပဲ ဖြစ်ပြီး ဒီလိုမျိုး မဖြစ်စေရေးအတွက် အလုပ်သမားခနှုန်းထားတွေကို ဗီနိုင်းနဲ့ ကြေညာတာ၊ ပြည်တွင်းကုန်တင်/ချအဖွဲ့အနေနဲ့ တာဝန်ချိန်မှာ ယူနီဖောင်းဝတ်ဆင်ဖို့၊ အလုပ်သမားတွေ တာဝန်ချိန် လည်ဆွဲ ဆွဲဖို့ကို ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘူတာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့နဲ့ ရထားရဲတပ်ဖွဲ့ကလည်း တွန်းလှည်းနဲ့ အလုပ်သမားတွေ စည်းကမ်းလိုက်နာမှု ရှိ၊ မရှိ နေ့စဉ် စစ်ဆေးမယ်လို့လည်း ဆိုပါတယ်။

ပြစ်မှုကျူးလွန်ထားသူတွေကိုတော့  ရထားဥပဒေ ပုဒ်မ ၈၈(က) အရ အမှုဖွင့် အရေးယူဖို့ ဆောင်ရွက်နေပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013