DVB Logo
Home
မြန်မာသတင်း
အခြေခံပညာရေးဥပဒေမူကြမ်း ဗဟိုချုပ်ကိုင်မှုများနေဟုဆို
DVB
·
August 19, 2018
အခြေခံပညာရေးဥပဒေမူကြမ်း ဗဟိုချုပ်ကိုင်မှုများနေဟုဆို
Donate to DVB

အခြေခံပညာရေးဥပဒေမူကြမ်းဟာ ဗဟိုချုပ်ကိုင်မှုများနေတဲ့အတွက် လက်တွေ့ ဆောင်ရွက်ရာမှာ ထိခိုက်မှုတွေ များလာနိုင်တယ်လို့ အခြေခံပညာရေးလုပ်သားသမဂ္ဂများ ဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီက ပြောပါတယ်။

သြဂုတ် ၁၉ ရက်နေ့က၊ ရန်ကုန်တက္ကသိုလ်မှာပြုလုပ်တဲ့ အခြေခံနှင့် အဆင့်မြင့်ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီက ပြုလုပ်တဲ့ အခြေခံပညာရေးဥပဒေ (မူကြမ်း) ဆွေးနွေးပွဲမှာ ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ အခြေခံပညာရေးဥပဒေမူကြမ်းမှာ ပါဝင်တဲ့ ကော်မတီတွေမှာ ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အခန်းကဏ္ဍတွေဟာ မှေးမှိန်နေပြီး ကော်မတီတွေရဲ့ အကြီးဆုံးရာထူးတွေကို ဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေကသာ နေရာယူထားတဲ့အတွက် ဒီဥပဒေမူကြမ်းဟာ ဗဟိုချုပ်ကိုင်မှုများနေတယ်လို့ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဖြစ်မြောက်ရေးဗဟိုလုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးမင်းမင်းထွဋ်က ပြောပါတယ်။

ဗဟိုကော်မတီ အဖွဲ့ဝင် ဦးမင်းမင်းထွဋ် က “အခြေခံပညာရေးကောင်စီမှာ ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌပေါ့။ ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးပေါ့။ အဲဒီမှာ ဆရာကိုယ်စားလှယ်တွေပါမယ်။ အသင်းအဖွဲ့ ကိုယ်စားလှယ်တွေပါမယ်။ ပညာရှင်တွေပါမယ်ပေါ့။ ဒါပေမယ့် အဲဒီမှာ ဆရာကိုယ်စားလှယ်လို့သာ သုံးနှုန်းထားတာ ဒီအခြေခံ ပညာရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်တွေက အခန်းကဏ္ဍတိုင်းမှာ ပါနေတယ်။ အဲဒီအထဲမှာ ဆရာကိုယ်စားလှယ်ဆိုပေမယ့် ဆရာအဖွဲ့အစည်း ကိုယ်စားလှယ်တွေ မပါဘူး။ ကျောင်းသားအဖွဲ့အစည်း ကိုယ်စားလှယ်တွေ မပါဘူးပေါ့။ ကျောင်းသားအဖွဲ့အစည်း ကိုယ်စားလှယ်တွေ မပါခဲ့ရင်တောင်မှ အခြေခံ ပညာရေးကောင်စီမှာ ဆရာအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေဟာ ပါကိုပါရမယ်။ ဒါမှသာ ဗဟိုချုပ်ကိုင်မှု ကင်းမှာပေါ့။ အဲဒီအထဲမှာ မပါတဲ့ အတွက်ကြောင့် ဗဟိုချုပ်ကိုင်မှု သီးသန့်ချုပ်ကိုင်ထားတဲ့ သဘောပဲ” လို့ ပြောပါတယ်။

အခြေခံပညာရေးကဏ္ဍကို တိုးတက်ကောင်းမွန်စေဖို့အတွက်ကို ဒီဥပဒေကြမ်းမှာ ဆရာ၊ ဆရာမတွေရဲ့ လုပ်ပိုင်ခွင့်တွေ နဲ့ တိကျမှန်ကန်တဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းတွေပါဝင်ဖို့ လိုတယ်လို့ဆိုပါတယ်။

အခြေခံပညာရေးဥပဒေမူကြမ်းမှာပါဝင်တဲ့ အခြေခံပညာရေးကောင်စီကို ဝန်ကြီးဌာနက ချုပ်ကိုင်ထားတာမဟုတ်ဘဲ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ဆောင်ရွက်ခွင့် ပေးသင့်တယ်လို့ တရားလွှတော်ရှေ့နေ ဦးဌေးက အကြံပြုပါတယ်။

“အခြေခံပညာရေးကောင်စီကို ဝန်ကြီးဌာနက ဝန်ကြီးကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် မယ်ဆိုရင် ဗဟိုက ချုပ်ကိုင်ရာရောက်ပြီး တပြည်ထောင်စနစ် ဖြစ်နေတယ်။ ပြည်ထောင်စုစနစ် မှာဆိုရင် အခြေခံပညာရေးမှာ ဖွဲ့စည်းပုံဥပဒေကလည်း အခြေခံပညာရေးနဲ့ ပတ်သက်လို့ ပြင်ဆင်ချက်ကလည်း လုပ်ထားပြီးဖြစ်တဲ့အတွက် အခြေခံပညာရေး ဥပဒေကြမ်းမှာ အခြေခံပညာရေးကောင်စီကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဆောင်ရွက်ခွင့်ပေးမယ်ဆိုရင် အလွန်ကောင်းမွန်တဲ့ အချက်အလက်ဖြစ်ပါတယ်။” လို့ အကြံပြုထားပါတယ်။

အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီကနေ အခြေခံပညာရေးဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ပြင်ဆင်သင့်တဲ့ အချက်တွေ ကို ပညာရေးဝန်ကြီးဌာနနဲ့ လွှတ်တော်ပညာရေးကော်မတီတွေကို တင်ပြတောင်းဆိုသွားမှာပါ။

လက်ရှိမှာတော့ ဝန်ကြီးဌာနကနေ ပညာရေးနဲ့သက်ဆိုင်တဲ့ အဆင့်မြင့်ပညာရေးဥပဒေမူကြမ်း၊ အခြေခံပညာရေးဥပဒေကြမ်း၊ သက်မွေးဝမ်းကျောင်ပညာရေး ဥပဒေကြမ်းနဲ့ ပုဂ္ဂလိကပညာရေးဥပဒေကြမ်းတွေကို ရေးဆွဲထားပြီး အဲဒီဥပဒေမူကြမ်းတွေ အပေါ်မှာ ပညာရေးအသိုက်အဝန်းက ဝေဖန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013