DVB Logo
Home
မြန်မာသတင်း
ကင်တာနားနှင့် ဒီမိုကရေစီအင်အားစုအချို့ တွေ့ဆုံ
DVB
·
July 31, 2012
ကင်တာနားနှင့် ဒီမိုကရေစီအင်အားစုအချို့ တွေ့ဆုံ
1 / 2
Donate to DVB

ရန်ကုန်ကို ရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေးမှူး မစ္စတာ ကင်တာနားဟာ ရန်ကုန်မှာ ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ ဒီနေ့ တွေ့ဆုံပါတယ်။

ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် ရုံးခန်းမှာ ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)နဲ့ မျိုးဆက်သစ်လူငယ်များအစည်းအရုံး အဖွဲ့တွေနဲ့ တွေ့ဆုံပြီး လူ့အခွင့်အရေးအခြေအနေ၊ နိုင်ငံရေး အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ အမြင်တွေကို မေးမြန်းမှတ်တမ်းယူသွားပါတယ်။

၈၈ မျိုးဆက်တွေဘက်က တင်ပြခဲ့တဲ့အကြောင်းအရာကို ကိုကိုကြီးက “ကျနော်တို့ကတော့ လက်ရှိ ရှိနေတဲ့ အခြေအနေနဲ့ သုံးသပ်ချက်တွေ ပြောပြဖြစ်တယ်။ ကျနော်တို့နိုင်ငံက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အသိအမှတ်ပြုတယ်။ ကြိုဆိုတယ်။ ကျန်ရှိနေတဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တာတွေကိုလည်း ကျနော်တို့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားကြမယ်ဆိုတာ ပြောဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသား ကျန်ရှိနေတဲ့ကိစ္စကတော့ ကျနော်တို့ပြုစုထားတဲ့ စာရင်းတွေကို သက်ဆိုင်ရာ တာဝန်ရှိ လူကြီးတွေကို ပေးထားတယ်။ နောက်ဆုံးအသုတ်လွှတ်တဲ့ထဲမှာတော့ ၂၄ ယောက် ပါလာတယ်။ အားလုံးကတော့ ၃၀၀ ကျော်လောက် ကျန်သေးတဲ့ဆိုတာလည်း ပြောပြဖြစ်တယ်။ ကချင်ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း  လက်ရှိ အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းနေတဲ့အခြေအနေ၊ နောက် တနိုင်ငံလုံး တိုင်းရင်းသားတန်းတူညီမျှရေးဖြစ်ဖို့ ဆက်လက်ပြီးတော့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပွဲတွေ ဖြစ်ဖို့ ဆက်ပြီးတော့ ကြိုးစားရဦးမယ့်အခြေအနေတွေပေါ့ ဒါတွေလည်း ပြောဖြစ်ပါတယ်။”

ဒီမတိုင်ခင်မှာ ကင်တာနားနဲ့ သီးခြားတွေ့ဆုံခဲ့တဲ့ ဗကသ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုလင်းထက်နိုင်ကလည်း နယ်တွေမှာ ဗကသအဖွဲ့အ၀င်တွေကို အတင်းနုတ်ထွက်ခိုင်းတာမျိုးတွေ၊ အခမ်းအနားတွေ ကျင်းပခွင့်မပေးဘဲ ပိတ်ပင်တာတွေရှိနေသေးတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ပြောပြပါတယ်။

မြန်မာပြည်မှာ ခိုင်မာတဲ့ အပြောင်းအလဲဖြစ်ပေါ်ဖို့ လိုအပ်တဲ့အကြောင်း ဆွေးနွေးခဲ့တာနဲ့ပတ်သက်လို့ ကိုလင်းထက်နိုင်က အခုလိုပြောပါတယ်။

“ကျနော်တို့မှာ အခက်အခဲတွေက ကြုံနေရတယ်။ အခက်အခဲတွေကြုံနေရတာကို သိဖို့ နိုင်ငံတကာအသိုင်းအ၀န်းကရော၊ ကုလသမဂ္ဂလိုအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေသိဖို့ လိုအပ်တယ်။ တခြား အဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါမှာလည်း သူတို့ကပြောတယ်၊ နိုင်ငံတကာအမြင်မှာ မြန်မာနိုင်ငံအစိုးရက ပြောင်းလဲနေပြီ၊ နိုင်ငံရေးအကျဉ်းသားတွေလည်း လွှတ်ပေးတယ်။ တခြားသော ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်။ ပွဲတွေကျင်းပခွင့်ပေးတယ်။ ဒါပေမယ့် ကျနော်တို့အမြင်က ဘာလဲဆိုတော့ ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာ ပြောင်းလဲတာ ဥပမာ ဒီပွဲတော့လုပ် ဟိုပွဲတော့ မလုပ်ဆိုတာမျိုး မလိုချင်ပါဘူး။ ပွဲဆိုရင် ဘယ်စည်းကမ်းချက်နဲ့အညီ လုပ်ဆိုတာမျိုးပဲ လိုချင်ပါတယ်။ မလုပ်နဲ့ဆိုလည်း ဘာပွဲမှမလုပ်နဲ့ ဥပဒေကြောင်းထဲမှာပဲ ပြောင်းလဲတာမျိုးလိုချင်ပါတယ်။ အဲအကြောင်း မစ္စတာကင်တာနားကို ပြောပြခဲ့တယ်။ ဒီနိုင်ငံရဲ့အပြောင်းအလဲက ခိုင်မာဖို့အတွက် ဥပဒေစိုးမိုးရေး အရေးကြီးတယ်ဆိုတဲ့ အကြောင်း ပြောပြခဲ့ပါတယ်။ ဒါတွေဟာ ကျနော်တို့အတွက် အကျိုးရှိတာပေါ့။”

ဇူလိုင် ၂၉ ရက်က မြန်မာနိုင်ငံ ရောက်နေတဲ့ မစ္စတာ ကင်တာနားဟာ မငြိမ်သက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို ဒီနေ့သွားရောက်မှာဖြစ်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ရခိုင်ကိစ္စဟာ ကိုင်တွယ်ဖို့ ခက်ခဲတဲ့အကြောင်း တင်ပြခဲ့တယ်လို့ ပြောပါတယ်။

“ရခိုင်ဒေသအခြေအနေဆိုရင်လည်း ကိုင်တွယ်ဖြေရှင်းရတာ အင်မတန်ရှူပ်ထွေးတယ်ဆိုတဲ့အကြောင်း၊ တရားမ၀င်နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာတဲ့ ဘဂါင်္လီတွေကိစ္စနဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေ၊ ဒါတွေ အဓိကပြောဖြစ်ပါတယ်။ အဓိကက ဒီမှာရှိတဲ့ သတင်းအချက်အလက်တွေ၊ အခြေအနေတွေကို သူကရှာဖွေတဲ့သဘောပါ။ ကျနော်တို့နဲ့ မတွေ့ခင်မှာလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲကိုလည်း သူသွားခဲ့တယ်လေ။ ရခိုင်ဒေသနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သူလေ့လာခဲ့ရပါတယ်။”

ကင်တာနားရဲ့ အခုခရီးစဉ်မတိုင်လေးမှာပဲ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ နာဗီ ပီလ်လေး (Navi Pillay) က ရခိုင်ပြည်နယ်မှာ အစ္စလာမ်ဘာသာဝင်တွေ၊ အထူးသဖြင့် ရိုဟင်ဂျာတွေဟာ ခွဲခြားဆက်ဆံခံနေရတာ၊ အာဏာပိုင်တွေရဲ့ တရားလက်လွှတ်အနိုင်ကျင့်တာတွေကို ခံနေရတယ်ဆိုတဲ့ အစီရင်ခံစာတွေကို လက်ခံရရှိထားတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ကင်တာနားဟာ ဩဂုတ် ၃ ရက်နေ့ အစိုးရအရာရှိတွေနဲ့ နေပြည်တော်မှာ တွေ့ဖို့ ရှိတယ်လို့ သိရပါတယ်။

ကင်တာနားဟာ ဩဂုတ် ၄ ရက်နေ့အထိ မြန်မာပြည်မှာ ရှိမှာဖြစ်ပြီး မြန်မာပြည်က လူ့အခွင့်အရေးးဆိုင်ရာ လေ့လာတွေ့ရှိချက်တွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013