
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ သြဂုတ် ၁၈ ရက်နေ့က ကျင်းပပြုလုပ်တဲ့ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများရဲ့ ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို တက်ရောက်လာ တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံကို လက်ပံတောင်းတောင်ဒေသခံတွေက စုစုပေါင်း တိုင်ကြားစာ ၇ စောင်ပေးပို့ ခဲ့ပါတယ်။
တိုင်ကြားစာမှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရဲ့ အစီရင်ခံစာမှာပါဝင်တဲ့အတိုင်း အစားထိုးလယ်ယာမြေဧက ၁၉၀၀ ကို ဖော်ဆောင်ပေးဖို့နဲ့ လက်ရှိဖော်ဆောင်မယ့် လယ်ယာမြေ နေရာတွေဟာ ၎င်းတို့နေထိုင်တဲ့ ကျေးရွာများနဲ့ မိုင် ၄၀ ခန့်ကွာဝေးတဲ့ ကနီမြို့နယ်အတွင်းက ယာကြီးလမ်းဘက်က နေရာဖြစ်တဲ့အတွက် လက်မခံနိုင်ကြောင်း အဓိကပါဝင်တယ်လို့ သိရပါတယ်။
"အဓိက ခေါင်းစဉ်တည်တာကတော့ အစီရင်ခံစာမှာပါတဲ့ အစားထိုးမြေဧက ၁၉၀၀ ကို ကျမတို့တောင်သူတွေရဲ့ ကျေးရွာနဲ့မဝေးတဲ့နေရာမှာ ပြန်လည်ဖော်ဆောင်ပေးဖို့ ပါဝင်ပါတယ်။ အခု ဖော်ဆောင်ပေးမယ်ဆိုတဲ့ နေရာက ရွာနဲ့ မိုင် ၄၀ လောက်ဝေးတော့ ဘယ်လိုမှ အဆင်မပြေဘူး။ နောက်ပြီး သီးနှံနစ်နာကြေးကိစ္စတွေနဲ့ အစီရင်ခံစာ ချိုးဖောက်မှုတွေလည်း ပါပါတယ်"လို့ တုံကျေးရွာက ဒေါ်စန်းနွဲ့က ပြောပါတယ်။
အဲဒီတိုင်စာ ၇ စောင်ကို မုံရွာမြို့ မြို့တော်အခန်းမရှေ့မှာ စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးရုံးဝန်ထမ်းများက လက်ခံရယူခဲ့တာလည်း ဖြစ်ပါတယ်။
လက်ပံတောင်းတောင် ဒေသခံတောင်သူတွေအတွက် အစားထိုးလယ်ယာမြေဧက ၁၉၀၀ ဖော်ထုတ်ပေးရေးကိစ္စကို သြဂုတ်လ ၁၄ ရက်နေ့ကကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော်မှာ ဆားလင်းကြီးမြို့နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က မေးခွန်းမေးမြန်း ခဲ့တာပါ။
အစားထိုးလယ်ယာမြေ အသစ်ဖော်ထုတ်ပေးမည့် နေရာတွေမှာ ဒေသခံတောင်သူတွေ အနေနဲ့ လုပ်ကိုင်နိုင်ခြင်းရှိမရှိကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ တောင်သူများရဲ့ သဘောထားအား မေးမြန်းစုံစမ်းလျှက်ရှိကြောင်း ပြည်ထောင်စု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ဖြေကြားသွားခဲ့ပါတယ်။
သမ္မတရဲ့ခရီးစဉ်မှာ လက်ပံတောင်းတောင်သူတွေပေးတဲ့ တိုင်စာ ၇ စောင် အပါအဝင် ဒေသခံ ပြည်သူတွေက တိုင်ကြားစာ ၂၆ စောင်ကို ပေးအပ်ခဲ့ကြပြီး အများစုက မြေယာပြဿနာတွေလို့ သိရပါတယ်။
သတင်း - ရန်နိုင်စိုး










