DVB Logo
Home
မြန်မာသတင်း
ပဲဈေးကွက်ကျလာ၍ ဈေးကွက်ဝင် အစားထိုးသီးနှံ စိုက်ပျိုးရေး ကူညီမည်ဟု ဒုသမ္မတပြော
DVB
·
August 19, 2018
Donate to DVB

ဈေးကွက်ကျဆင်းလာတဲ့ မတ်ပဲနဲ့ ပဲစင်းငုံနေရာမှာ ဈေးကွက်ဝင် အစားထိုးသီးနှံစိုက်ပျိုးနိုင်ဖို့ ကူညီသွားမယ်လို့ ဒုတိယ သမ္မတ ဦးဟင်န ရီဗန်ထီးယူ ကပြောပါတယ်။

အိန္ဒိယကနေ မြန်မာပြည်က မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းတို့ကို တင်သွင်းတဲ့ တန်ချိန်ပမာဏကို ကန့်သတ်ပြီး နောက်ပိုင်း ပြည်တွင်းဈေးကွက်မှာ ပဲဈေးတွေ ထိုးကျခဲ့တာပါ။  လွန်ခဲ့တဲ့ ၅ နှစ်အတွင်း မတ်ပဲတစ်တန်ကို အများဆုံး ကျပ် ၂၃ သိန်းအထိ ရတာကနေ ဒီနှစ် မေလမှာ ကျပ် သုံးသိန်း ရှစ်သောင်းအထိ ဈေးကျခဲ့ပါတယ်။

အလားတူ ပဲစင်းငုံကလည်းအများဆုံး တစ်တန်ကို ကျပ်၁၆သိန်းကျော်ရရှိရာကနေ ကျပ်သုံးသိန်းနှစ်သောင်းအထိ ဈေးကျခဲ့ပါတယ်။ ဒီအတွက် ရန်ကုန်မြို့က ကုန်သည်စက်မှု အသင်းချုပ်မှာ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးလာဖို့ ဆွေးနွေးပွဲကို  သြဂုတ်လ ၁၈ ရက်နေ့က ကျင်းပခဲ့ပြီး ဒုတိယ သမ္မတည်လည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။

“ပဲစိုက်တောင်သူများနဲ့ ဆက်စပ်ပြည်သူများ အခက်အခဲဖြစ်နေချိန်မို့ မိမိတို့အနေနဲ့ ကူညီဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဈေးကွက်ဝင်သီးနှံများ ပိုမိုထုတ်လုပ်ရေး ရည်မှန်းချက်များ ကို ကာလတို၊ ကာလလတ်ဆောင်ရွက်ဈေချင်ပါတယ်။ တောင်သူများကို အသိပေးခြင်း ကိစ္စများကို လျှင်လျှင်မြန်မြန်ဆောင်ရွက်ကြစေလိုပါတယ်”လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ပြောဆိုခဲ့တာပါ။

အိန္ဒိယက တင်သွင်းခွင့်  ကန့်သတ်လိုက်တာကြောင့် အများဆုံး တင်ပို့နေတဲ့ မတ်ပဲနဲ့ ပဲစင်းငုံကို နှစ်ပေါင်းများစွာစိုက်ပျိုးလာတဲ့ တောင်သူတွေက ဈေးကွက်ရှိတဲ့ အစားထိုးသီးနှံ ပြောင်းလဲစိုက်ပျိုးဖို့ အခက်အခဲတွေ ရှိလာပါတယ်။

ပေါင်းတလည်မြို့ တောင်သူတဦးဖြစ်တဲ့ ကိုအောင်နိုင်ဦးက “ကျနော်တို့ တောင်သူတွေက ဘာစိုက်ရမှန်းကို မသိတော့ဘူး။ သွေးပျက်နေတဲ့ အနေအထားရှိပါတယ်။ ဘာစိုက်စိုက် ရှုံးနေပါတယ်။ ဖူးစားပြောင်းက ဈေးနှုန်းကျပြီး ရှုံးသွားပါတယ်” လို့ ပြောပါတယ်။

အရင်တင်ပို့နေတဲ့ တန်ချိန်ပမာဏထက် တန်ချိန်ကန့်သတ်ပြီးတဲ့နောက် လာမယ့် ပဲပေါ်ချိန်မှာ  မတ်ပဲတန်ချိန် ငါးသိန်းခွဲနဲ့ ပဲစင်းငုံ တန်ချိန် ၆ သောင်း လောက် ကျန်ဖို့ရှိပါတယ်။

ရန်ကုန်တိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးခင်ဟန် “ဒီပွဲမှာတောင်သူတွေ နယ်စုံကပေါ့၊ မတ်ပဲစိုက်တဲ့တောင်သူ၊ ပဲစင်းငုံစိုက်တဲ့တောင်သူဖိတ်ပြီး တော့ မတ်ပဲကို နောက်နှစ်မှာ မစိုက်ဖို့ ..ကျန်ခဲ့တဲ့ပဲ ဒီထက်ပိုပြီးမဆုံးရှုံးမှာ”လို့ ပြောပါတယ်။

မတ်ပဲက စိုက်ပျိုးဖို့လွယ်ကူသလို ပိုးမွှားနဲ့ ရောဂါကျရောက်တာနည်းတဲ့အတွက် စိုက်ပျိုးစရိတ်သက်သာတဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ အဲ့ဒီလိုပဲ ပဲစင်းငုံကလည်း အသီးရတဲ့အပြင် အရွက်က မြေသြဇာကောင်းဖို့ အသုံးဝင်သလို အပင်ရဲ့ရိုးတံတွေက လောင်စာအဖြစ်သုံးကြလို့ ဈေးကျပေမယ့် တောင်သူပစ်ရခက်တဲ့ ပဲအမျိုးအစား တွေပဲဖြစ်ပါတယ်။

သတင်း - ရူပါအောင်ဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013