DVB Logo
Home
မြန်မာသတင်း
မဏ္ဍိုင်ကြီး ၃ ရပ် ပူးပေါင်းဆောင်ရွက်မှ ပြုပြင်ပြောင်းလဲမှု အောင်မြင်မည်ဟု သမ္မတပြော
DVB
·
August 18, 2018
မဏ္ဍိုင်ကြီး ၃ ရပ် ပူးပေါင်းဆောင်ရွက်မှ ပြုပြင်ပြောင်းလဲမှု အောင်မြင်မည်ဟု သမ္မတပြော
Donate to DVB

အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး ၃ ရပ် ပူးပေါင်းဆောင်ရွက်မှ ပြုပြင်ပြောင်းလဲမှု အောင်မြင်မယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီနေ့လုပ်တဲ့ သမ္မတနဲ့ စစ်ကိုင်းတိုင်းထဲက မဏ္ဍိုင် ၃ ရပ်တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။

ပြည်နယ်နဲ့တိုင်းတွေရဲ့ အစီရင်ခံစာတွေကို သေသေချာချာ ဖတ်ရှုပြီး ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်မြှင့်နိုင်အောင် ဦးစားပေးအလိုက် ကွင်းဆင်းတွေ့ဆုံတာလို့ သမ္မတဦးဝင်းမြင့်က ပြောပါတယ်။

“ဦးစားပေးအလိုက်ဆိုတာက ပွင့်လင်းမြင်သာစွာ ပြောရမယ်ဆိုလို့ရှိရင် ပြည်နယ်၊ တိုင်း အသီးသီးရဲ့ လစဉ်အစီရင်ခံစာကို ဖတ်ရှုလေ့လာပြီး လိုအပ်တဲ့အခြေအနေအရ ဦးစားပေးပြီးတော့ ပြည်နယ်နဲ့တိုင်းတွေကို အခုလိုပဲ လာရောက်တွေ့ဆုံခြင်းဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ ခေတ်ဟောင်းစနစ်ဟောင်းကနေ ခေတ်သစ်စနစ်သစ်ကို အားလုံး တက်ညီလက်ညီ ဆောင်ရွက်နေတယ်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။ ဒီပြုပြင်ပြောင်းလဲမှုက နိုင်ငံသူနိုင်ငံသားအားလုံး တိတိကျကျပြောရရင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှ ဒီပြုပြင် ပြောင်းလဲမှုက လျင်မြန်စွာ အောင်မြင်မှာဖြစ်ပါတယ်။ တဦးကောင်း တယောက်ကောင်း၊ တဖွဲ့ကောင်းနဲ့ ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်ဖို့ဆိုတာ အင်မတန်မှ နှောင့်နှေး ကြန့်ကြာမှာဖြစ်ပါတယ်။ သူမပါလည်း မပြီး၊ ငါမပါလည်း မပြီး၊ သူ့ချည်းပဲလည်းမပြီး၊ ငါ့ချည်းပဲလည်း မပြီးပါဘူး။ အားလုံးမှာ တာဝန်အသီးသီးရှိပါတယ်။ ဒါကြောင့်မို့ တာဝန်အသီးသီးရှိတဲ့ဟာကို လာရောက်တွေ့ဆုံရှင်းပြခြင်းဖြစ်ပါတယ်” လို့ သမ္မတက ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းရဲ့ မူးယစ်ဆေးဝါး၊ သစ်မှောင်ခို၊ သိမ်းဆည်းလယ်ယာပြဿနာ၊ အဂတိလိုက်စားမှု၊ သတ္တုတူးဖော်မှု စတဲ့ကဏ္ဍတွေအပါအဝင် နယ်စပ်လုံခြုံရေးနဲ့ မဏ္ဍိုင်ကြီး ၃ ရပ်တို့ရဲ့ အပြန်အလှန် ထိန်းကြောင်းမှုတွေကိုလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

ပြီးတော့ ပြုပြင်ပြောင်းလဲမှုအတွက် စိုးရိမ် တွန့်ဆုတ်မနေကြဖို့ကိုလည်း သမ္မတက ပြောပါတယ်။

“တချို့က ပြုပြင်ပြောင်းလဲမှုမှာ တွန့်ဆုတ်နေတာတွေရှိမယ်။ တချို့က ဝန်လေး နေတာတွေရှိမယ်။ တချို့ ပြုပြင်ပြောင်းလဲမှုအတွက် စိုးရိမ်နေတာတွေရှိမယ်။ တကယ်တော့ ပြုပြင်ပြောင်းလဲရေးဆိုတာ စိုးရိမ်စရာမဟုတ်ပါဘူး။ ပြုပြင်ပြောင်းလဲမှုဟာ ရန်သူမဟုတ်ဘူး။ မိတ်ကောင်းဆွေကောင်းသာဖြစ်ပါတယ်” လို့ ပြောပါတယ်။

သမ္မတခရီးစဉ်မှာ ပြည်သူတွေက တိုင်ကြားစာ ၂၆ စောင်ကိုလည်း ပေးအပ်ခဲ့ကြပြီး အများစုက မြေယာပြဿနာတွေလို့ သိရပါတယ်။

အခုလို နိုင်ငံတော်အဆင့် ခရီးစဉ်မှာ တိုင်ကြားစာတွေကို ယုံယုံကြည်ကြည် ပေးအပ်ခွင့် ရတဲ့အတွက်လည်း ကျေးဇူးတင်မိတယ်လို့ မြေယာပြဿနာနဲ့ပတ်သက်ပြီး တိုင်ကြားစာ ပေးခဲ့သူ တယောက်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013