DVB Logo
Home
မြန်မာသတင်း
ဒေါ်လာဈေးဂယက်ကြောင့် အထွေထွေအကျပ်အတည်းဖြစ်မည်ကို စီးပွားရေးပညာရှင်များ စိုးရိမ်
DVB
·
August 18, 2018
ဒေါ်လာဈေးဂယက်ကြောင့် အထွေထွေအကျပ်အတည်းဖြစ်မည်ကို စီးပွားရေးပညာရှင်များ စိုးရိမ်
Donate to DVB

ဒေါ်လာဈေးတက်တဲ့ ဂယက်ကနေ အထွေထွေအကျပ်အတည်းဖြစ်ပေါ်ပြီး နိုင်ငံရေးပြဿနာအဖြစ် အသွင်ပြောင်းသွားမှာကို စီးပွားရေးပညာရှင်တွေက စိုးရိမ်နေပါတယ်။

သြဂုတ်လဒုတိယအပတ်ကစပြီး အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၅ဝဝ ကျော်အထိ စံချိန်တင် မြင့်တက်နေတာပါ။

ဒေါ်လာဈေးတက်တာဟာ အမေရိကန်နဲ့တရုတ်တို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲ အားပြိုင်တာ ကြောင့်ဖြစ်ပြီး စီးပွားရေးအားနည်းတဲ့ မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ဒီဒဏ်ကို အပြင်းအထန် ခံစားနေရတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအထူးအကြံပေး မစ္စတာ ရှောင်တားနား ကတော့ ငွေဈေးမတည်ငြိမ်မှုဟာ သူ့အလိုလိုပြန်တည်ငြိမ်သွားမှာဖြစ်ပြီး စိုးရိမ်စရာမရှိဘူးလို့ဆိုပါတယ်။

ရှောင်တားနားရဲ့မှတ်ချက်ဟာ သီအိုရီ အရဖြစ်နိုင်တယ်ဆိုပေမယ့် နိုင်ငံအတွင်းမှာ အထွေထွေအကြပ် အတည်းဖြစ်လာမှာကို ပြည်တွင်းက စီးပွားရေး ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။

ခင်မောင်ညို (ဘောဂဗေဒ) က “ဒီနေ့ဝယ်ရတဲ့ဈေးနှုန်းနဲ့ မနက်ဖြန် ဝယ်ရတဲ့ ဈေးနှုန်းမတူဘူးလေ။ ဒါတွေကို စီးပွားရေး လုပ်ငန်းရှင်တွေကတော့ စိုးရိမ်ရတာပဲလေ။ ပြောချင်တဲ့ဟာက သိပ်အစိုးရိမ်ကြီးရင် ပိုပြီးတော့ ဆိုးသွားတတ်တယ်။ လိုသလောက် ဒေါ်လာဝယ်ထားတယ်။ လိုသလောက် ဒေါ်လာဝယ်ကိုင် ထားတယ် အဲဒါက ပြဿနာ မရှိဘူး။ ဒါပေမယ့် လိုတာထက်ပိုပြီး ဝယ်ကြတယ်။ ကြိုပြီးဝယ်တယ်၊ ပိုဝယ်တယ် အဲဒါဆိုရင် ဖြစ်သင့်တာထက်ပိုပြီးတော့ ဈေးနှုန်းက တက်သွားနိုင်တယ်” လို့ ပြောပါတယ်။

မစ္စတာရှောင်တားနားက သီအိုရီအရ ငွေဈေးပြန်တည်ငြိမ်သွားမယ်လို့ ဆိုပေမယ့် ဘယ်လောက်အချိန်ကာလအတွင်း တည်ငြိမ်သွားမယ်ဆိုတာကိုတော့ အတည်မပြုနိုင်ပါဘူး။

ငွေဈေးတည်ငြိမ်ဖို့ အချိန်များများယူရလေ ပြည်တွင်းက လုပ်ငန်းရှင်တွေ ရပ်တည်ရခက်ခဲလေ ဖြစ်လာမှာပါ။ လုပ်ငန်းရှင်တွေ ရပ်တည်ရ ခက်ခဲလာတာနဲ့အတူ လုပ်ငန်းရပ်ဆိုင်းတာတွေကြောင့် အလုပ်လက်မဲ့ ပြဿနာတွေကိုလည်း ကြုံတွေ့လာရ နိုင်ပါတယ်။

အဲဒါအပြင် အခြေခံကုန်ဈေးနှုန်းမြင့်တက်တာကိုပါ တပြိုင်တည်း ကြုံတွေ့လာနိုင်တာကြောင့် စီးပွားရေးအကျပ်အတည်းကနေ နိုင်ငံရေးအကျပ်အတည်းအဖြစ် အသွင်းပြောင်းသွားနိုင်တယ်လို့ စီးပွားရေး ပညာရှင်တဦးက ဆိုပါတယ်။

စီးပွားရေး ပညာရှင် ဦးမြတ်မင်းသူက “ရေရှည်အတွက်ပဲကြည့်ပြီး လတ်တလောကာလ ရေတိုမှာ ပြည်သူတွေမှာ စားဝတ်နေရေးဆိုတာ ရှိတယ်။ လုပ်ငန်းရှင်တွေကလည်း တနေ့ဆိုတနေ့ ၆ လဆိုလည်း ၆ လ၊ သူတို့မှာ တောင့်ခံနိုင်တဲ့ အင်အားဆိုတာ ရှိတယ်။ စီးပွားရေးလုပ်ငန်းရှင်အနေနဲ့ ၆ လသော်လည်းကောင်း ၁ နှစ်သော်လည်းကောင်း တောင့်ခံနိုင်စွမ်းဆိုတာက တော်တော်လေးကို စဉ်းစားရမယ့် အနေအထားရှိတယ်။ ဒါကို အစိုးရဘက်က ဘယ်လိုလုပ်ပေးရမလဲဆိုတာကို အလျင်အမြန် စဉ်းစားပေးသင့်တယ်လို့ ကျနော် ယူဆပါတယ်” လို့ ပြောပါတယ်။

ဒေါ်လာဈေး မတည်ငြိမ်တာကြောင့် ပြည်သူတွေကြားထဲမှာ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်နေတာနဲ့ပတ်သက်ပြီး အစိုးရတာဝန်ရှိသူ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပြည်သူတွေမစိုးရိမ်ဖို့ အစိုးရကဘာတွေ ဆောင်ရွက်နေတယ်ဆိုတာ ပြည်သူ့ရှေ့ထွက်ပြီး အခိုက်အတန့် တည်ငြိမ်အောင် အာမခံချက်ပေးသင့်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တဦးက သုံးသပ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက “စိုးရိမ်နေတဲ့သူတွေအတွက် သူတို့ ယုံကြည်ရတဲ့သူ တယောက်ယောက်ပေါ့ ဥပမာ နိုင်ငံတော် အတိုင်ပင်ခံလိုမျိုး ဒါမှမဟုတ် နိုင်ငံတော် သမ္မတလိုမျိုးကနေ ထွက်ပြောရမှာပေါ့နော်။ မစိုးရိမ်ကြနဲ့ ငါတို့ အစိုးရကတော့ ဘာတွေလုပ်နေပြီဆိုတာ ပေါ့နော်။ ရေရှည်ကို ဘာလုပ်မလဲ ရေတိုကို ဘာလုပ်မလဲ အနိမ့်ဆုံးပြောရရင်တော့ ဘာတွေ ယုံကြည်မှုပြန်ရမလဲပေါ့နော်။ သူတို့က စိုးရိမ်တယ်ဆိုတာက အကြောင်းအရာကို ရှာပြီးတော့ စိုးရိမ်တာမဟုတ်ဘူး။ ကျနော်တို့ ဖြစ်နိုင်ချေက လူယုံကြည်တဲ့လူ ပြောမှရမှာ သာမာန် ညွှန်ချုပ်လောက် ဒုဥက္ကဋ္ဌ လောက်နဲ့ ပြောလို့မရဘူး။ လက်ရှိအချိန်မှာ ယုံကြည်မှု အားသန်တာ ဒေါ်အောင်ဆန်းစုကြည်လို ဟာမျိုးပေါ့ နော်။ သူတို့လိုလူမျိုးက ထွက်ပြောလိုက်မှ ယုံကြည်သွားမှာ ဟန့်သွားမှာပေါ့” လို့ ဆိုပါတယ်။

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းတာနဲ့ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလကုန်းပိုင်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။

အစိုးရရဲ့ ဗဟိုဘဏ်ကတော့ လတ်တလော ဆေးမြီးတိုဖြေရှင်းချက်အဖြစ် ဒေါ်လာလေးသန်းကို ဈေးကွက်အတွင်း ထုတ်ရောင်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013