
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁ဝဝ/၁နှင့်၁ဝဝ/၂ အကြားမှာ သြဂုတ် ၁၇ ရက်နေ့ ညနေ ၄ နာရီလောက်က မျိုးဆက်သစ်ခရီးသည်တင်ယာဉ်တိမ်းမှောက်ခဲ့ပြီး ခရီသည် ၂၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ယာဉ်ပေါ်မှာ ခရီးသည် ၂၇ ဦး လိုက်ပါလာပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ကျား ၁၃ ဦး၊ မ ၉ ဦးတို့ ဒဏ်ရာရရှိခဲ့တာကြောင့် ဖြူးမြို့နယ် ပြည်သူဆေးရုံကို ပိုဆောင်ကုသထားတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
"ဖြစ်တဲ့အချိန်က မိုးတွေ အရမ်းရွာနေတယ်။ စလစ်ဖြစ်ပြီးမှောက်တာပါ။ ဒဏ်ရာရတဲ့သူကတော့များတယ်။ အကုန်ဖြူးဆေးရုံကို ပို့နေတယ်။ အသက်အန္တရာယ်စိုးရိမ်ရတဲ့ လူနာတော့ မပါပါဘူး။"
ယာဉ်တိမ်းမှောက်ရာကို အမြန်လမ်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေ၊ မီးသတ်နဲ့ ကြက်ခြေနီတပ်ဖွဲဝင်တွေ သွားရောက်ကူညီခဲ့ကြပြီး ယာဉ်တိမ်းမှောက်အောင် မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ခိုင်ဦးအား အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
သတင်း-ကျော်အောင်(ကညွတ်ကွင်း)











