DVB Logo
Home
Lead Story
အနုပညာရှင်တွေကို ပစ်မှတ်ထားပြီး မူးယစ်ဆေး ဖမ်းနေတာလား
DVB
·
August 17, 2018
အနုပညာရှင်တွေကို ပစ်မှတ်ထားပြီး မူးယစ်ဆေး ဖမ်းနေတာလား
Donate to DVB

အခုရက်ပိုင်း မူယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီရမိတဲ့ သတင်းတွေ ကြည့်လိုက်ရင် အနုပညာရှင်တွေ ဆက်တိုက်ပါဝင်လာနေတာ တွေ့ရပါတယ်။

အဆိုတော် ရွှေထိုက်၊ ရသနဲ့ မနေ့တနေ့ကပဲ ဒါရိုက်တာမိုက်တီးတို့ကို မူးယစ်ဆေးတွေနဲ့အတူ ရဲက  ဖမ်းဆီးခဲ့ပါတယ်။

သမ္မတ ဦးဝင်းမြင့် တာဝန်ယူပြီးတဲ့နောက် မူးယစ်ဆေးကို စနစ်တကျ ဖမ်းဆီးအရေးယူဖို့ အရှိန်မြှင့်တင် လုပ်ဆောင်လာပြီး မူးယစ်သတင်းပေးတွေရဲ့ သတင်းနဲ့ ဖော်ထုတ်ဖမ်းဆီးတာတွေလည်း လုပ်ဆောင်နေပါတယ်။

ဒီထဲမှာ အနုပညာရှင်တွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးတာတွေ လုပ်နေသလား ဆိုတဲ့ မေးခွန်း ထွက်ပေါ်ပြီး ဒီအကြောင်း နယ်ပယ်စုံက ထင်ရှားသူတွေကို ဆက်သွယ်မေးမြန်းပြီး စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

ဦးဇင်ဝိုင်း (မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ)

“တသီးတခြား ပစ်မှတ်ထားပြီး လုပ်တယ်လို့တော့ ကျနော် မယူဆပါဘူး။ ဒီရက်ပိုင်းအတွင်းမှာပဲ သေချာတာကတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ပိုပြီး အာရုံစိုက်လာတာ တွေ့ရပါတယ်။ နိုင်ငံတော်သမ္မတကိုယ်တိုင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ သတင်းပေးနိုင်တဲ့ ဌာနတွေကို တရားဝင်ဖွင့်လာတာ တွေ့ရပါတယ်။ ဒီ့အတွက် မူးယစ်ဆေးဝါးအမှုတွေကို အရင်ကထက် ပိုမိုဖမ်းဆီးလာတာ တွေ့ရပါတယ်။ အဲ့ဒီအထဲမှာ အနုပညာရှင်တွေ ပါသွားတယ်လို့ ယူဆပါတယ်။ မူးယစ်ဆေးဝါးဆိုတာက ကျနော့်အစ်ကို ကိုယ်တိုင်ပင်လျှင် နှစ်ပေါင်း ၅ဝ ကျော်လောက် မူးယစ်ဆေးဝါးနွံထဲ နစ်ပြီးတော့ နောက်ဆုံး HIV နဲ့ ကွယ်လွန်ခဲ့ရတာပါ။ အရင်တုန်းကတော့ ကျနော့်အစ်ကိုကို ကျနော်က တရားခံတယောက်လို မြင်တာပေါ့။ ဒါပေမယ့် နောက်ပိုင်း ကျနော်သိလာတဲ့အခါ စဉ်းစားတတ်လာတဲ့ အခါကျတော့ သူတို့တွေက တရားခံတွေ မဟုတ်ကြဘူးဗျ၊ သူတို့တွေက သားကောင်တွေပါ၊ ခေတ်စနစ်တခုရဲ့ သားကောင်တွေ ဖြစ်ခဲ့ကြတာပါ။ ဒီနေ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် နှစ်ပိုင်းရှိပါတယ်။ တပိုင်းက သုံးစွဲကြတဲ့သူတွေနဲ့ တပိုင်းကတော့ ဖြန့်ချိရောင်းချကြတဲ့ သူတွေပါ။ မူးယစ်ဆေးဝါးရဲ့ အန္တရာယ်ဆိုတာ လူငယ်တွေတင် မကပါဘူး၊ ကျနော်တို့နိုင်ငံရဲ့ အနာဂတ်အတွက် ကြီးစွာသော ခြိမ်းခြောက်မှုပါ။ တဖက်မှာက ဖြန့်ချိကြ ရောင်းချကြတဲ့သူတွေပါ။ အဲ့ဒီပုဂ္ဂိုလ်တွေကတော့ အမျိုးသားရေး အန္တရာယ်တရပ်အနေနဲ့ ဒါကို ကိုင်တွယ်ဖို့ လိုပါပြီ။ ပြစ်မှုပြစ်ဒဏ်တွေ ပြင်းထန်စွာပေးဖို့ လိုပါပြီ။ ဒါ့အပြင် ရှာဖွေဖော်ထုတ်ဖို့လည်း လိုပါပြီ။ ကိုင်းဖျားကိုင်းနားတွေတင် မကဘဲ တကယ့် လက်ရင်းကြီးတွေကို။”

ရဲမှူးချုပ် ဝင်းခေါင် (အငြိမ်းစား)

“မူးယစ်ဆေးဝါးကတော့ ဘယ်အဖွဲ့အစည်းကို Target ထားပြီး ဖမ်းတယ်ဆိုတာ မရှိဘူး၊ ဖမ်းတဲ့အထဲမှာ သူတို့တွေ ပါဝင်ပတ်သက်လာတာပဲ။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ သူတွေကိုသာ အဓိကထားတာ။ သဘောကဗျာ သူတို့ သုံးစွဲနေတဲ့အချိန်မှာ ဘေးပတ်ဝန်းကျင် ပြည်သူလူထုက သတင်းပေးလို့ မိတယ်။ တချို့ကျတော့လည်း အကြောင်းအားလျော်စွာ ဒီဥစ္စာလုပ်နေတုန်း မိတယ်။ ကျနော်တို့က အနုပညာလောကကို Target ထားပြီး ဖမ်းတယ်၊ ပစ်မှတ်ထားပြီး ရှင်းတဲ့ပုံစံမျိုး မဟုတ်ပါဘူး။ ဒါ ကျနော်တို့ အတွေ့အကြုံအရ ပြောတာ။ အခုဆို ဖမ်းလိုက်တဲ့အချိန်ကျလို့ရှိရင် သုံးစွဲတဲ့ ပမာဏထက် ကျော်လို့ရှိရင် သူတို့တတွေက ဆင့်ပွားဖြန့်တဲ့ သဘောတရား ဖြစ်လာတာပေါ့။ ကျနော်တို့ လိုချင်တာကတော့ စတင်ပြီးဖြန့်တဲ့ အရင်းအမြစ်ကို လိုချင်တာပေါ့။ သို့သော်လည်း သုံးစွဲတဲ့သူကိုပါ မိတဲ့အခါ တနွယ်ငင် တစင်ပါ ကျန်တဲ့ဥစ္စာတွေပါ မိလာတာ ရှိလာတာပေါ့။ ဒီလိုဖြစ်လာရတဲ့ အကြောင်းခြင်းရာကဖြင့် ဥပမာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က စိတ်ကိုပြောင်းလဲစေတဲ့ ဥပဒေကို ပြောင်းလဲပြင်ဆင်ခဲ့တာ ခင်ဗျားတို့လည်း သိမှာပေါ့။ ဒီဥပဒေအရ သုံးစွဲသူကို ထောင်တောင် မချတော့ဘူး၊ သုံးစွဲတဲ့သူဆိုတာ သားကောင်ဖြစ်တယ်။ အဲ့ဒီသားကောင်တွေကို ပျက်စီးအောင်လုပ်နေတဲ့ အနောက်က ရောင်းဝယ်ဖောက်ကားတဲ့သူတွေ၊ ထုတ်လုပ်တဲ့သူတွေ အဲ့ဒီသူတွေကသာ အဓိကကျတယ်။ ရှာဖွေခြင်း၊ နှိမ်နင်းခြင်း၊ တားဆီးနှိမ်နင်းခြင်းရဲ့ အဓိကလုပ်ရပ်သည် အနောက်ဘက်က လက်ကြီးသမားတွေဆီ သွားတာ။ သို့ပေမယ့် ဒီလိုလုပ်ရင်း လုပ်ရင်းနဲ့ သုံးစွဲတဲ့သူတွေ မမိဘူးလားဆိုတော့ မိတယ်၊ သို့သော် ဥပဒေထဲမှာ တိတိကျကျ သတ်မှတ်ထားတာရှိတယ်။ မင်း ပမာဏ ဘယ်လောက်ထက် ပိုလို့ရှိရင်တော့ မင်းမိတာတော့ မှန်တယ်၊ သူက အိမ်မှာ သိုလှောင်ပြီး သုံးစွဲရတဲ့ အရာမျိုးလည်း မဟုတ်ဘူး။ ဒီတော့ အဲ့ဒီပမာဏထက် လွန်လို့ရှိရင်တော့ ဒါဟာ သူက ပုဒ်မကြီးသွားတာပေါ့ဗျ။ ရောင်းဝယ်ဖို့ဆိုတဲ့ အခန်းကဏ္ဍကို ကူးသွားတာပေါ့။ သုံးစွဲတဲ့သူက သုံးစွဲတဲ့ ပမာဏထက် မကျော်သော ဆေးပမာဏနဲ့ မိမှသာလျှင် သူက သုံးစွဲသူဖြစ်ကြောင်း Right ရမယ်။”

ဦးသိန်းသန်းဦး (မန္တလေးမြို့က ရှေ့နေ)

“ရဲက အနုပညာရှင်တွေကို Target ထား လုပ်တယ်လို့ မထင်ဘူး။ ဟိုတုန်းကတော့ အနုပညာရှင်တွေက ကင်းလွတ်ခွင့်ရတဲ့ သဘောမျိုး ဖြစ်နေတာပေါ့ဗျာ။ နိုင်ငံကျော်အနုပညာရှင်တွေ ဆေးတွေ သုံးနေကြတယ်ဆိုတာ တနိုင်ငံလုံး သိကြတာပဲ။ အခုကတော့ ရဲကလည်းပဲ အထူးသဖြင့် မူးယစ်ဆေးဝါးကို အမျိုးသားရေးတာဝန် အနေနဲ့ အကုန်လုံးက ဝိုင်းလုပ်တဲ့အခါမှာ သူတို့လည်း မလွှဲမရှောင်သာ သူတို့လည်း ပါတယ်ထင်တယ်။ မူးယစ်လက်ကြီးသမားဆိုတာက ပြောတဲ့အတိုင်း လက်ကြီးတယ်၊ ထိပ်အထိ ပေါက်ရောက်တယ်၊ အကာအကွယ်တွေ မျိုးစုံရှိတယ်။ ဒါကြောင့်မို့လို့ မိသွားလို့ရှိရင် ပိုင်ရှင်မဲ့တွေ ဖြစ်သွားကြတာပေါ့ဗျာ။ အဲ့ဒီတော့ ဒီ့ထက် ပိုထိရောက်တဲ့ Team မျိုး၊ ဟို သာမန်ရဲ မဟုတ်ဘဲနဲ့ အထူးမူးယစ်လိုဟာမျိုးပေါ့ဗျာ Special Team နဲ့ လုပ်နိုင်မှရမယ်။”

ဦးဝေဖြိုးဟန် (အင်းစိန်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်)

“မူးယစ်ကတော့ ပြောရရင် သမ္မတကိုယ်တိုင် အားလုံးကို ဦးတည်ချက်ထားပြီးတော့ လုပ်နေတာပဲလေ။ ဘယ်သူမဆို မူးယစ်နဲ့ပတ်သက်လာရင် ဖြူဖြူမည်းမည်း ဘယ်သူမှ မခွဲခြားဘဲ အရေးယူဖို့တော့ တာဝန်ရှိတာပဲလေ။ ဒါပေမယ့် သိသိသာသာကတော့ ဒီရက်ပိုင်းထဲမှာပဲ အနုပညာရှင်က သုံးလေးယောက်လောက် ဖြစ်သွားတယ်လေ၊ အဲ့လိုမျိုးတော့ ဖြစ်နေတာပေါ့ဗျာ။ အခုကတော့ ရပ်ကွက်တွေထဲမှာ တပြားနှစ်ပြားလောက် သုံးတဲ့သူပဲဖြစ်ဖြစ်၊ ရောင်းတဲ့သူပဲဖြစ်ဖြစ် ဆိုတာထက်ကို ကျနော်တို့ကတော့ မူရင်း ရင်းမြစ်ကို မိအောင်တော့ သွားရမှာပေါ့။ အဲ့လိုမျိုး မဖမ်းနိုင်သေးသရွေ့ကတော့ ဒီဟာမျိုးတွေက မွစာကျဲနေမှာပဲ၊ ထောင်တောင် ဆန့်မှာမဟုတ်ဘူး။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013