DVB Logo
Home
မြန်မာသတင်း
ကယ်ဆယ်ရေးစခန်းကို မရောက်လာသည့် ရေဘေးသင့်သူများ စားဝတ်နေရေး အခက်ကြုံ
DVB
·
August 17, 2018
ကယ်ဆယ်ရေးစခန်းကို မရောက်လာသည့် ရေဘေးသင့်သူများ စားဝတ်နေရေး အခက်ကြုံ
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ရေကြီးနစ်မြုပ်နေတဲ့ နေအိမ်တချို့ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေက ကူညီထောက်ပံ့မှု မပေးတဲ့အတွက် နေထိုင်စားသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရေဘေးသင့်ပြည်သူတွေက ပြောပါတယ်။

ရေကြီးနစ်မြုပ်နေတဲ့ နေအိမ်တချို့ဟာ ကျန်းမာရေး၊ စားဝတ်နေရေးနဲ့ မိသားစု လူဦးရေ များပြားတဲ့အပြင် အကြောင်းအမျိုးမျိုးကြောင့် ယာယီဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်ရေး စခန်းကို သွားရောက်နေထိုင်ခြင်း မရှိတဲ့ ရေဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့မှု မပေးတဲ့အတွက် နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။

သြဂုတ် ၈ နေ့ကစတင်ပြီး ဒုတိယအကြိမ် သံလွင်မြစ်ရေ တက်လာမှုကြောင့် ဘားအံမြို့၊ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ရေပြန်လည်ဝင်ရောက်လာတဲ့အတွက် ရေကြီးနစ်မြုပ်မှုတွေ ပြန်လည်ဖြစ်ပေါ်ခဲ့တာပါ။

ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်၊ ဦးတင်မျိုးဝင်းက “ဌာနဆိုင်ရာက တကယ်ဒုက္ခရောက်တဲ့ သူကို တကယ်လာကူစေချင်တာပါ။ တကယ် ဒုက္ခရောက်တဲ့သူကျတော့ ဘယ်သူမှ မကြည့်ဘူး။ အခုဆို တော်တော်ဒုက္ခရောက်တာ။ ကျနော်တို့ကို ဒီလိုပဲ လျစ်လျူရှုထားတယ်။ ကျနော်တို့ တကယ် ဒုက္ခရောက်တော့ ရေလယ်ကောင်မှာ ရေသောက်ဖို့လည်း မရှိဘူး။ ထမင်းစားဖို့လည်း မရှိဘူး။ သူတို့ဆီက ပံ့ပိုးမှုဆိုတာ ဘာမှ မရှိဘူး” လို့ ပြောပါတယ်။

ကရင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုးက “အဲဒီအတွက် အမှန်အတိုင်း ပွင့်ပွင့်လင်းလင်းပြောရရင် ရေဘေးအတွေ့အကြုံကို တကယ်တော့ ဝိုင်းဝန်းကူညီပေးမယ့်သူမှာလည်း အတွေ့အကြုံနည်းသွားတယ်။ စခန်းပေါ်မှာ နေတဲ့လူတွေ အားလုံးကိုလည်း ထမင်းချက်ကျွေးနေသလို ကျနော်တို့ ရွာတွေကိုလည်း စုံစုံလင်လင် ညီမျှအောင်လို့လည်း အားလုံးကို သာတူညီမျှဖြစ်အောင် ဝန်ကြီးချုပ်ကြီး ဦးဆောင်ပြီး ဆောင်ရွက်ပေးနေတယ်” လို့ ပြောပါတယ်။

ဘားအံမြို့၊ အမှတ် ၄ ရပ်ကွက်နေ ဒေါ်မြင်ဦးက “ဆန်၊ ဆီ၊ ဆေး၊ ဆား အကုန်လုံး လှေတွေ၊ ကူးတို့တွေနဲ့ သွားပေးရင် လိုချင်တာပေါ့။ မရှိတဲ့လူတွေက အနိမ့်ပိုင်းက မရှိကြဘူးလေ။ ကျမတို့က ကုန်းမြင့်ပိုင်းရောက်နေတာ နည်းနည်းတော့ တော်သေးတယ်။ ကျမတို့ထက် ဒုက္ခရောက်တဲ့လူတွေက အဲဒါတွေ လိုအပ်တယ်” လို့ ပြောပါတယ်။

အလားတူ ကော့ကရိတ်မြို့နယ်အတွင်း ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသက ရေဘေးသင့် ရွှေ့ပြောင်းလုပ်သားတွေ အိမ်ထောင်စုစာရင်း (ပုံစံ-၁၀) မရှိတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ကူညီထောက်ပံ့မှုတွေ မရရှိဘူးလို့ ဒေသခံတွေက သြဂုတ် ၁၄ ရက်နေ့က ပြောဆိုထားပါသေးတယ်။

ကရင်ပြည်နယ်အတွင်း ရေကြီးမှုကြောင့် ဘားအံမြို့၊ ရေဘေးကယ်ဆယ်ရေးစခန်း ၁၀ ခုမှာ အိမ်ထောင်စု ၁၄၀၀ ကျော်၊ လူဦးရေ ၇၃၀၀ ကျော်နဲ့ လှိုင်းဘွဲ့မြို့ ရေဘေး ကယ်ဆယ်ရေးစခန်း ၄ ခုမှာ အိမ်ထောင် စု ၅၀၀ လောက်၊ လူဦးရေ ၂ ထောင်ကျော် ကယ်ဆယ်ရေးစခန်းတွေမှာ ယာယီခိုလှုံနေရပြီး၊ ပြည်နယ်အစိုးရက ရေဘေးသင့် ပြည်သူတွေကို တအိမ်ထောင် ဆန် ၃ ပြည်နှုန်း ထောက်ပံ့ပေးထားပါတယ်။

သတင်း- ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013