DVB Logo
Home
မြန်မာသတင်း
တောက်တဲ့ဝယ်ရန် လာသူအား အမြန်လမ်းတွင် အုပ်စုဖွဲ့လုယက်
DVB
·
August 17, 2018
တောက်တဲ့ဝယ်ရန် လာသူအား အမြန်လမ်းတွင် အုပ်စုဖွဲ့လုယက်
Donate to DVB

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၀၅/၁) အနီးမှာ သြဂုတ် ၁၆ ရက်နေ့ ညနေပိုင်းက လုယက်မှုတခု ဖြစ်ပွားခဲ့ပြီး ၃ ဦးကို ဖမ်းဆီးရမိထားပြီး ၁ ဦး လွတ်မြောက်နေတယ်လို့ တောကျွဲအင်းနယ်မြေရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

မိုးကုတ်မြို့မှ တောက်တဲ့ဝယ်ဖို့ လာသူဆီကနေ အာပြဲ (ခ) ရန်အောင်မင်း၊ ကျော်မျိုးလင်း၊ ရဲဆွေနဲ့ ဇော်ထိုက် (အုပ်တွင်းမြို့နယ်) နေသူ ၄ ယောက်က သိန်း ၅၀ လုယူခဲ့တာလို့ ဆိုပါတယ်။

တောကျွဲအင်းနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက “လုတဲ့ကောင်တွေ ၄ ယောက်။ ဝိုင်းလုပြီး ထွက်ပြေးတာ။ အမြန်လမ်းရဲတပ်ဖွဲ့နဲ့ ကျနော်တို့ နယ်မြေစခန်းနဲ့ ပူးပေါင်းပြီး ဖမ်းခဲ့ရတယ်။ ၃ ယောက်တော့ မိတယ်။ ၁ ယောက်ကတော့ လွတ်နေသေးတယ်။ ကျန်တဲ့ ၁ ယောက်ကိုလည်း ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မိုးကုတ်မြို့မှ နေထိုင်တဲ့ အောင်ကျော်နဲ့ ညီအစ်ကို တော်စပ်သူ နှစ်ဦးမှာ တောက်တဲ့ ရောင်းဖို့ ရှိတယ်ဆိုတာကြောင့် ငွေသိန်း ၅၀ နဲ့ အမြန်လမ်းမကြီးဘေးရှိ စားသောက်ဆိုင်တဆိုင်မှာ လာရောက်စောင့်ဆိုင်းနေချိန်မှာ အာပြဲ(ခ)ရန်အောင်မင်းက တောက်တြဲ့ပမယ်ဆိုပြီး အောင်ကျော်ကို ဆိုင်ကယ်နဲ့ တင်ခေါ်သွားခဲ့ပါတယ်။ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၀၅/၁) နားက လမ်းကြားမှာ ငွေလုယူတာကို အောင်ကျော်က ပြန်လည်ခုခံခဲ့တာကြောင့် အသင့်စောင့်ဆိုင်းနေတဲ့ တခြားသုံးယောက်ကပါ ဝိုင်းဝန်းထိုးကြိတ်ပြီး လုယူသွားတာလို့ သိရပါတယ်။

လုယက်မှုကြောင့် အောင်ကျော် ဒဏ်ရာရရှိခဲ့လို့ အောင်မြင်တိုက်နယ်ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေရပါတယ်။

လုယက်သူတွေကို နယ်မြေခံရဲတပ်ဖွဲ့စခန်းက တပ်ဖွဲ့ဝင်တွေနဲ့ အမြန်လမ်း ရဲတပ်ဖွဲ့ဝင်တွေ ပူပေါင်းဖမ်းဆီးမှုကြောင့် သုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး အာပြဲ(ခ)ရန်အောင်မင်းမှာ လွတ်မြောက်နေတယ်လို့ သိရပါတယ်။

အုပ်စုဖွဲ့ လုယက်သူတွေကို လုယက်မှု၊ နာကျင်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၃၂၃ နဲ့ အမှုဖွင့်လှစ်ထားပြီး ထွက်ပြေး လွတ်မြောက်နေသူကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ တောကျွဲအင်းနယ်မြေရဲတပ်ဖွဲ့စခန်းက သိရပါတယ်။

ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013