
ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော်ဖငန်းကျွန်းပေါ်မှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတကျောင်း စစ်ဆေးအရေးယူခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းတောင်ပိုင်း ၁၄ ခရိုင်တွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရာဇဝတ်မှု ပပျောက်ရေးအတွက် စစ်ဆေးဆောင်ရွက်ဖို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးရဲ့ ညွှန်ကြားချက်အရ နယ်မြေထဲမှာ ဥပဒေမဲ့မှုတွေ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ကော်ဖငန်းမြို့ထဲမှာလည်း နိုင်ငံခြားသားတွေက တရားမဝင် စာသင်ကျောင်းဖွင့်ထားကြောင်း သတင်းရတာကြောင့် ပြီးခဲ့တဲ့ မေ ၂ ရက်က ကော်ဖငန်းရပ်ကွက် နယ်မြေ ၃ ရှိ စာသင်ကျောင်းတစ်ကျောင်းကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ကော်ဖငန်းမြို့ နယ်အုပ်ချုပ်ရေးမှူး နိုင်းဖိုင်းဆစ် ထောင်းကျိမ်းက သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါကျောင်းဝင်းထဲမှာ စာသင်ဆောင် ၃ ဆောင်ရှိပြီး ကလေးကစားကွင်းတွေပါ ရှိတယ်။ အဆိုပါကျောင်းမှာ အသက် ၂ နှစ်မှ ၁၂ နှစ်ရွယ်ကြား နိုင်ငံခြားကလေးငယ် ၈၉ ယောက် ပညာသင်ကြားနေပြီး အဲဒီထဲမှာ မြန်မာကလေးက အယောက် ၄၀ နဲ့ အစ္စရေး အပါအဝင် အခြားနိုင်ငံသား ကလေးငယ် ၁၂ ယောက် ရှိတယ်၊ တာဝန်ရှိသူတွေ ရောက်လာတော့ ထွက်ပြေးသွားတဲ့ ကလေးတွေလည်း ရှိတယ်၊ စာသင်ချိန်ကာလ တနှစ်လျှင် ၃ ကြိမ်ရှိပြီး ကျောင်းလခမှာ တကြိမ်လျှင် ဘတ် ၃၂,၀၀၀ ကောက်ခံတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက စာသင်ကျောင်းဖွင့်ခွင့်လိုင်စင်ကို တောင်းကြည့်ရာမှာ အသက် ၆၁ နှစ်အရွယ် ထိုင်းအမျိုးသမီး နန်းပထုမ်ထစ်ပ်က သူ့မှာ အဆိုပါကျောင်းရဲ့တာဝန်ခံဖြစ်ပြီး လူကုန်တားနဲ့ လူသားရင်းမြစ်တည်တံ့ရေးဌာနက ထုတ်ပေးထားတဲ့ ကလေးထိန်းဂေဟာဖွင့်ခွင့် လိုင်စင် ထုတ်ပေးတယ်၊ အဲဒီကျောင်း တရားဝင်ဖွင့်ခွင့်ရရေးအတွက်လည်း ကြိုးစားနေတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ သူ့ရဲ့ကလေးထိန်းဂေဟာဖွင့်ခွင့်လိုင်စင်မှာ အသက် ၂ နှစ်မှ ၆ နှစ်ရွယ်ကလေး ၁၈ ယောက်ထိသာ လက်ခံခွင့်ရှိတယ်၊ စာသင်ကျောင်းတရားဝင်ခွင့် လျှောက်ထားတဲ့ စာရွက်စာတမ်းတွေလည်း ခိုင်လုံမှုမရှိဘူး၊ ဒါကြောင့် ဥပဒေနဲ့အညီ အရေးယူရမယ်လို့ ဆိုပါတယ်။
အဆိုပါစာသင်ကျောင်းပိုင်ရှင်မှာ အီရန်နိုင်ငံသား လင်မယားဖြစ်ပြီး နောက်ထပ် ဆရာ၊ ဆရာမ ၆ ယောက်ထဲမှာ အမေရိကန်နိုင်ငံသား တယောက်၊ ပြင်သစ်နိုင်ငံသားတယောက်၊ တောင်အာဖရိက ၄ ယောက်တို့ ပါဝင်တယ်။
တာဝန်ရှိသူတွေက ထိုင်းအမျိုးသမီးနဲ့ အီရန် ၂ ယောက်တို့ကို ခွင့်ပြုချက်မရဘဲ စာသင်ကျောင်းဖွင့်မှု၊ တရားမဝင်သူတွေကို ဆရာအဖြစ် အလုပ်ခန့်ထားမှု၊ နေရပ်လိပ်စာ ပြောင်းရွှေ့တာကို ၁၅ ရက်အတွင်း အကြောင်းကြားရန် ပျက်ကွက်မှုတွေနဲ့ အရေးယူသွားမှာ ဖြစ်တယ်၊ ကျန်နိုင်ငံခြားသားတွေကိုလည်း လိုင်စင်မရှိဘဲ စာသင်ကြားမှု၊ ခွင့်ပြုချက်မရဘဲ အလုပ်ဝင်ရောက် လုပ်ကိုင်မှုတွေနဲ့ အရေးယူသွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
Source: PPTVHD36 News










