DVB Logo
Home
မြန်မာသတင်း
ကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲအပေါ် မြန်မာကြိုပြင်ဆင်ရန် အကြံပြု
DVB
·
August 16, 2018
ကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲအပေါ်  မြန်မာကြိုပြင်ဆင်ရန် အကြံပြု
Donate to DVB

အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေးစစ်ပွဲက မြန်မာနိုင်ငံအပေါ် ကောင်းကျိုးထက် ဆိုးကျိုးတွေကို  ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ မြန်မာစီးပွားရေး ပညာရှင်တွေက အကြံပြုပါတယ်။

တရုတ်ပြည်နဲ့ အမေရိကန် အပြန်အလှန်ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲနေတာကြောင့် မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှုနည်းပါးပြီး ကုန်သွယ်ရေးလိုငွေပြနေတဲ့ နိုင်ငံအတွက် ဒေါ်လာ အကျပ်အတည်း ဖြစ်လာစေပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ ကုန်သွယ်ရေး ကန့်သတ်မှုကြောင့် တရုတ်ကုန်သည်တွေက မြန်မာပြည်က ကုန်ကြမ်းတွေကို ဈေးကောင်းပေးဝယ်နေလို့  ပြည်တွင်းမှာ ကုန်ကြမ်း ပြတ်လတ်ပြီး အသေးစားအလတ်စား ကုန်ထုတ်လုပ်မှုတွေကို ထိခိုက်လာနေပါတယ်။

မြန်မာပြည်ဟာ အခြားအာဆီယံနိုင်ငံတွေထက် ကုန်ထုတ်လုပ်မှုကရရှိတဲ့ ၀င်ငွေနည်းပါး ပြီးတော့ စက်မှုနိုင်ငံမထူထောင်နိုင်သေးတာကြောင့် အမေရိကန်နဲ့တရုတ် ကုန်သွယ်ရေးစစ်ပွဲမှာ ကောင်းကျိုးထက်ဆိုးကျိုးတွေ စတင်ဖြစ်ပေါ်နေတယ်လို့ စီးပွားရေး ပညာရှင်တဦးဖြစ်တဲ့  အန်အယ်လ်ဒီပါတီရဲ့ စီးပွားရေးကော်မတီဝင် ဦးရဲမင်းဦးက ပြောပါတယ်။

“ကုန်သွယ်မှုစစ်ပွဲဟာ ဘယ်အချိန်ပြီးမယ် မသိဘူး။ နိုင်ငံတိုင်းက ပြင်ဆင် နေတယ်။ မြန်မာပြည်က အစိုးရ၀န်ကြီးဌာနတွေကလည်း ဗဟိုဘဏ်နဲ့ပေါင်းပြီး ပြင်သင့်ပြီ။ မြန်မာပြည်က စက္ကူပျော့ဖတ်လုပ်ငန်းတွေမှာ တရုတ်ပြည်က ကုန်ကြမ်းတွေ ဈေးကောင်းပေးဝယ်တာကြောင့် ရောင်းချလိုက်အပြီးမှာ ပြည်တွင်းက သုံးစွဲတဲ့ထုတ်လုပ်သူတွေအတွက် ကုန်ကြမ်း မကျန်တော့တာကြောင့် ပြည်ပကတင်သွင်းရတဲ့အဆင့်ထိ ရောက်ရှိသွားတယ်”

ဒါ့အပြင်မလိုအပ်တဲ့ ကုန်စည်တွေတင်သွင်းမှုကို ထိန်းချုပ်ပြီးတော့ တရားမ၀င် ကုန်သွယ်မှုတွေကိုလည်း ဖမ်းဆီးသင့်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

CBဘဏ်ရဲ့ အကြံပေးပညာရှင် ဦးဖေမြင့်က “သွားကြားထိုးတံအတွက် ဒေါ်လာနဲ့ ၀ယ်တာတွေ ပိတ်သင့်တယ်။ တရားမ၀င်ကုန်သွယ်မှုတွေ တားသင့်တယ်။ အမေရိကန်ရဲ့ ကုန်သွယ်ရေး စစ်ပွဲဟာ တမ္ဘာလုံးကို သက်ရောက်နေတဲ့အပြင် ဗြိတိန်က အီးယူအဖွဲ့ကနေ ထွက်သွားတာကြောင့် ယူရိုအစားဒေါ်လာကိုပြန်သုံးလာတာကြောင့် ကမ္ဘာငွေကြေးဈေးကွက် သက်ရောက်မှုရှိနေတာပါ။ မြန်မာ့ငွေတန်ဖိုးဟာလည်း ပြည်တွင်းဒေါ်လာ လိုအပ်ချက်နဲ့အတူ ကျဆင်းနေတာကြောင့် ကုန်သွယ်ရေးစစ်ပွဲအတွက် ပြင်ဆင်ချိန်ရောက်နေပြီ”လို့ ပြောပါတယ်။

နိုင်ငံတကာ ငွေကြေးဈေးကွက်မှာ အမေရိကန် ဒေါ်လာတန်ဖိုးမြင့်တက်လာနေရာမှာ  အမေရိကန် တဒေါ်လာကို တရုတ်ယွမ်ငွေ ၆ဒသမ ၉ အထိရောက်နေပြီး မြန်မာကျပ်ငွေဟာ လည်း  တဒေါ်လာကို ၁၅၀၀ ကျော်အထိ စံချိန်တင်ရောက်ရှိ နေပါတယ်။

Photo Credit- Daily Post

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013