DVB Logo
Home
မြန်မာသတင်း
မြန်မာ့ထောပတ်သီး ပြည်ပဈေးကွက်ဝင်ရန် အမေရိကန် ထောပတ်မျိုးကိုင်းများ တင်သွင်းမည်
DVB
·
August 16, 2018
မြန်မာ့ထောပတ်သီး ပြည်ပဈေးကွက်ဝင်ရန် အမေရိကန် ထောပတ်မျိုးကိုင်းများ တင်သွင်းမည်
Donate to DVB

မြန်မာပြည်က ထောပတ်သီးကို  ပြည်ပကို တရားဝင် ရောင်းချနိုင်ဖို့ အသီးအထွက်နှုန်းနဲ့ အရည်အသွေး ကောင်းမွန်တဲ့ အမေရိကန် ထောပတ်မျိုးကိုင်းတွေကို စီးပွားဖြစ် ပထမဆုံး တင်သွင်းဖို့ ရှိနေတယ်လို့ သစ်သီးဝလံအသင်းက စုံစမ်းသိရပါတယ်။

ထောပတ်သီးတွေ ပြည်ပတင်ပို့ရာမှာ အသီးထွက်ရှိရာ အပင်ရဲ့ ပိုးမွှားနဲ့ ရောဂါကင်းရှင်း ကြောင်း သက်သေခံ လက်မှတ်တွေ လိုအပ်တဲ့အတွက် ဒီလို သက်သေခံလက်မှတ်တွေ ပေးနိုင်တဲ့  ထောပတ်မျိုးကိုင်းတွေကို အမေရိကက တင်သွင်းရတာဖြစ်ပါတယ်။

သစ်သီးဝလံအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်စန္ဒာမျိုးက “မနေ့ကပဲ မြန်မာအသင်းအနေနဲ့ တင်သွင်းခွင့်ရသွားတယ်။ ဒါပေမယ့် ကြားထဲမှာ ပျိုးပင်သွင်းဖို့ လုပ်ထားတာက ကြာသွားတော့ ပစ္စည်းသွင်းသူက ဇွန်၊ ဇူလိုင်မှာ မြေမချရင် မရောင်းဘူး”လို့ ရန်ကုန်မှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ သစ်သီးဝလံအသင်းရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ ပြောပါတယ်။

ပထမအကြိမ် တင်သွင်းရာမှာ ကယ်လီဖိုးနီးယား ဟက်စ် ထောပတ်မျိုးကိုင်း ၂၅၀၀၀ ခွဲကို အခုနှစ် ကိုင်းဆက်ရာသီအမီ အသုတ်လိုက် တင်သွင်းသွားမှာပါ။ အရင်က ပြည်ပကို မြန်မာ ထောပတ်သီး အနည်းငယ် စမ်းသပ်တင်ပို့ရာမှာ ထောပတ်သီးတလုံးကို အမေရိကန်ဒေါ်လာ ၆ ဒေါ်လာအထိ ရခဲ့ဖူးပေမယ့် တရားဝင်ပုံမှန်တင်ပို့ဖို့က လိုအပ်ချက်တွေ ရှိနေပါတယ်။

ဟိုပုံးမြို့ ထောပတ်အစုအဖွဲ့ ဥက္ကဋ္ဌ ခွန်ထွန်းထွန်းဝင်းက “နောင်တချိန် အသီးသီးလာတဲ့အခါမှာ ပြည်ပကိုတင်ပို့ရင် အများကြီး အဆင်ပြေနိုင်တယ်”လို့ ပြောပါတယ်။

အမေရိကန်ပြည်သူတွေရဲ့ Farmer to Farmer အစီအစဉ်နဲ့ မြန်မာ့စိုက်ပျိုးမွေးမြူရေး ကဏ္ဍကို ငါးနှစ်ကြာ အကူအညီပေးခဲ့တဲ့ စီမံကိန်းကနေ ပင်ခြားတန်းခြားအကွာအဝေး သတ်မှတ်တာကအစ ထောပတ်မျိုး ရွေးချယ်တာတွေ၊ အရည်အသွေးစံ သတ်မှတ်ချက်တွေ အပြင် ဈေးကွက်ရှာဖွေတဲ့ နည်းပညာတွေ ပေးခဲ့ပါတယ်။

ဒါတွေက မြန်မာစိုက်ပျိုးစီးပွား လုပ်ကိုင်သူတွေအတွက် ထောပတ်စိုက်ခင်းတွေ ရင်းနှီးမြှုပ်နှံသွားဖို့ ဆုံးဖြတ်ချက်တွေ ရခဲ့ပြီး ရှမ်းပြည်နယ် တောင်ပိုင်းမှာ ထောပတ်စိုက်ခင်းတွေ ဧက ၃၀၀၀၀ လောက် တိုးချဲ့စိုက်ပျိုးခဲ့ပါတယ်။

ထောပတ်အသင်း ဒုဥက္ကဋ္ဌ ဦးမျိုးညွန့်က “ကမ္ဘာ့စားသုံးသူ ၉၀ ရာခိုင်နှုန်း လက်ခံတဲ့ ကယ်လီဖိုးနီးယား ဟက်စ်ကို အိမ်မက်ကြီးကြီးထားပြီးတော့ ကြိုးစားရခြင်း ဖြစ်ပါတယ်။ အဓိကကတော့ တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေလည်း ရှာပေးနိုင်ဖို့ အားထုတ်နေတာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ထောပတ်မူရင်းမျိုး သုံးမျိုးကနေ မျိုးကွဲပေါင်းများစွာ ရှိပြီး အပင်တွေရဲ့ အသီးသီးနှုန်းတွေအပြင် ပိုးမွှားနဲ့ ရောဂါစတဲ့ အပင်ပိုင်းဆိုင်ရာ သုတေသနတွေ မြန်မာနိုင်ငံမှာ မလုပ်နိုင်တဲ့ အတွက် ဈေးကွက်မှာပြနိုင်တဲ့ သက်သေခံမှတ်တမ်းတွေ မရှိပါဘူး။

ဒါကြောင့်  စီးပွားဖြစ်စိုက်ခင်းတွေ တည်ထောင်ရာမှာ ဈေးကွက်ဝင်မျိုးနဲ့ အထွက်နှုန်းကို ရဖို့က အာမခံချက်ရှိတဲ့ မျိုးကိုင်းတွေကို တင်သွင်းပြီး ကိုင်းဆက်စိုက်ခင်းတွေ တည်ထောင်ရ တာပါ။

မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်း ပြင်ဦးလွင်ဒေသတွေမှာ ထောပတ်ပင် အမြောက်အမြား ပေါက်ရောက်ပါတယ်။

ဓာတ်ပုံ- PISSAYA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013