DVB Logo
Home
မြန်မာသတင်း
ရှမ်းတပ်နှင့်ပလောင်တပ် တိုက်ပွဲကြောင့် ရွာလုံးကျွတ် ဘေးလွတ်ရာထွက်ပြေး
DVB
·
August 16, 2018
ရှမ်းတပ်နှင့်ပလောင်တပ် တိုက်ပွဲကြောင့် ရွာလုံးကျွတ် ဘေးလွတ်ရာထွက်ပြေး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပန်လုံကျေးရွာမှာ ခုရက်ပိုင်းတွင်း RCSS ရှမ်းတပ်နဲ့ TNLA  ပလောင်တပ်တို့ တိုက်ပွဲဖြစ်ပွားလို့ ပန်လုံရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သြဂုတ် ၁၅ ရက်နေ့မှာ အချိန်အတော်ကြာ ပစ်ခတ်ပြီး ရွာထဲလက်နက်ကြီးတွေ ကျလာတဲ့အတွက်  ရွာသားတွေ အများဆုံးထွက်ပြေးလာကြတာပါ။

သြဂုတ် ၁၅ ရက်နေ့က ပန်လုံရွာမှာ မနက် ၉ နာရီ ၁၅ မိနစ်ကနေ နေ့ခင်း ၁ နာရီခွဲလောက်ထိ ပစ်ခတ်ခဲ့ကြပြီး အဓိက RCSS ရှမ်းပြည်တပ်မတော်အဖွဲ့က  နယ်မြေကျူးကျော်လာလို့ တိုက်ပွဲဖြစ်ရတာလို့ TNLA ပလောင်တပ်ဖွဲ့ ပြောခွင့်ရ တာ့အိုက်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“RCSS ဘက်က ၀င်လာလို့ တိုက်ပွဲတွေဖြစ်တာပေါ့နော်။ ကျနော်တို့က ရွာပြင်မှာ ရှိတယ်။ သူတို့က ရွာထဲမှာလာနေတယ်ဆိုတော့ ရွာနားမှာပဲ ဖြစ်တာပေါ့။ အဲဒီပန်လုံတ၀ိုက်မှာ ပစ်ခတ်မှုရှိတာကတော့ ကြာပါပြီ။ ကျနော်တို့ရှိတဲ့ဘက်ကို သူတို့က လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာပါ၊ ကျနော်တို့တော့ ပြန်မပစ်ဘူး။ မနေ့ကတော့ နှစ်ဘက် အပြန်အလှန်ပစ်ကြတယ်။ ၅ နာရီလောက်ကြာတယ်၊ ရွာနဲ့ကပ်လျက်ပဲ။ ထိခိုက်ဒဏ်ရာ ရတာတော့ ကျနော်တို့ဘက်က မရှိပါဘူး။ နေအိမ်ပျက်စီးတာလည်း မရှိပါဘူး။ RCSS က ပန်သပြေရွာဘက်ကို ဆုတ်သွားတယ်။”

ဒီကနေ့မနက်မှာတော့ ထိတွေ့ပစ်ခတ်မှုမရှိကြောင်း၊ အဆိုပါဒေသဟာ ပလောင်အုပ်ချုပ်ခွင့်ရဒေသထဲ မပါပေမယ့် TNLA နဲ့ မဟာမိတ်လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားတဲ့နေရာပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး ဒီဗွီဘီက RCSS ရှမ်းပြည်တပ်မတော်ဘက်ကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

    အဆိုပါ ပစ်ခတ်မှုကြောင့် ရွာသားတွေဟာ  နမ္မတူမြို့နယ်၊ မန်စံကျေးရွာနဲ့ မိုင်းမုကျေးရွာ  ဘုန်းကြီးကျောင်းတွေမှာရော၊ သီပေါမြို့နယ် မန်လီရွာဘုန်းကြီးကျောင်းနဲ့ သီပေါမြို့ ဘိုးတော်ကျောင်း တိုက်မှာပါ လာရောက်ခိုလှုံနေရပါတယ်။

မန်စံကျေးရွာမှာ ယာယီ စစ်ဘေးရှောင်စခန်း ၃ ခုရှိ၊  မိုင်းမုကျေးရွာမှာတော့ ၁ ခုရှိကာ မန်လီ နဲ့ သီပေါဘုန်းကြီးကျောင်းတွေအပါအ၀င် စစ်ဘေးရှောင်ဦးရေမှာ ၂၀၀၀ နီးပါး ရှိလာနေပြီလို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေကို လားရှိုးမြို့က မော်တော်ယာဉ်လိုင်းပေါင်းစုံလူမှု ကူညီရေး အသင်းနဲ့ စေတနာရှင်ပြည်သူတွေကလည်း ဒီကနေ့မှာ စားသောက်ကုန်တွေ လှူဒါန်းခဲ့ကြပြီး  နောက်ထပ်အကူအညီတွေလည်း လိုအပ်နေဆဲဖြစ်ပါတယ်။

စေတနာရှင်တွေအနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီလိုတယ်ဆိုရင် သီပေါ နယ်စည်းမခြား ပရဟိတအဖွဲ့ ဖုန်း - ၀၉၂၅၉၁၃၆၁၆၄ / ၀၉ ၇၇၈၈၈၉၄၇၇ နဲ့ သီပေါ ဘိုးတော်ကျောင်းတိုက် ၀၉ ၄၀၃၇၁၄၂၃၃ / ၀၉ ၇၇၄ ၁၉၄ ၁၁၆ ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013