DVB Logo
Home
မြန်မာသတင်း
မိုးများသဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပွား
DVB
·
July 30, 2012
Donate to DVB

အဆက်မပြတ် မိုးရွာသွန်းမှုတွေကြောင့် မြို့ရွာတချို့ ရေကြီး ရေလျှံမှု ဖြစ်ပွားနေပါတယ်။

မြန်မာနိုင်ငံ မိုးလေ၀သနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဧရာဝတီတိုင်း ဟင်္သာတမြို့နဲ့ ငါးသိုင်းချောင်းမြို့ နှစ်မြို့ရဲ့ မြစ်ရေကြီးမှုအခြေအနေ သတင်းကို ဒီနေ့ထုတ်ပြန်ရာမှာ  ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့မှာ ၁၃၁၅ စင်တီမီတာသို့ ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်းမှာ ယင်းမြို့ရဲ့ စိုးရိမ်ရေအမှတ် ၁၃၄၂ စင်တီမီတာကို ရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။

င၀န်မြစ်ရေဟာလည်း ငါးသိုင်းချောင်းမြို့မှာ ၁၁၅၃ စင်တီမီတာကို ရောက်ရှိနေပြီး စိုးရိမ်ရေ အမှတ် အထက် ၂၃ မီတာ (၀ ဒဿမ ၈) ပေခန့် ကျော်လွန်နေသလို နောက် ၃ ရက်အတွင်း အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၁၃၀ စင်တီမီတာအထက်မှာ ဆက်လက် တည်ရှိနိုင်တယ်လို့ ကြေညာချက်က ဆိုပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအား ကောင်းနေတယ်လို့ ဌာနရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ သံလွင်နဲ့ စစ်တောင်းမြစ်ရေဟာလည်း စိုးရိမ်ရေမှတ်ထက် ကျော်လွန်ကြောင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အပတ်က မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းအတွင်းက မြို့ရွာ တချို့မှာ ရေကြီးရေလျှံ ဖြစ်ပွားနေပါတယ်။

ရှမ်းပြည်နယ် ကျိုင်းတုံ၊ လားရှိုးနဲ့ နမ္မတူမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၃၊ ၄ ရက်လောက်တည်းက မြို့တွင်း မြေနိမ့်ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့မှာဆိုရင် မိုးများပြီး မြောင်းတွေ ပိတ်တဲ့အတွက် မြို့တွင်းရေ၀င်ပြီး ရေမြင့်တက်ခဲ့သလို သွားလာရေးလမ်းတချို့ ရပ်ဆိုင်းခဲ့ရတယ်လို့ လားရှိုးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးထွန်းရွှေက ပြောပါတယ်။

“လွန်ခဲ့တဲ့ ၃ ရက်လောက်က စပြီးကြီးပါတယ်။ ရပ်ကွက် ၇၊ ၆၊ ၉၊ ၁၂၊ အနိမ့်ပိုင်းတွေအားလုံး ရေ၀င်ပါတယ်။ မိုးများများရွာတာရယ်၊ ရေစီးရေလာ မကောင်းတာရယ်၊ မြောင်းတွေ ပိတ်တာရယ်၊ မိုးက နေ့တိုင်းရွာတာကိုး အဲတော့ ရေတွေက များလာပြီး အနိမ့်ပိုင်းတွေ ၀င်တာပေါ့။ ရေက ခါးလောက်ရောက်တယ်။ ကားလမ်းတွေလည်း ရေကျော်တော့ ကားအသွားအလာ ပြတ်သွားတာပေါ့။ မူဆယ်လမ်းဆို အေတီတံတားမှာ ရေကြီးတယ်။ ဒီနေ့တော့ ကျသွားပါပြီ။ ရေမတက်တဲ့ ရပ်ကွက်တွေကနေ အာဏာပိုင်တွေကနေ ထမင်းထုပ်တွေ ပို့တာရှိသလို၊ ကျနော်တို့ အန်အယ်လ်ဒီကလည်း ထမင်းထုပ်၊ လိုအပ်တဲ့သောက်ရေ သွားပြီးလုပ်ပေးပါတယ်။”

လားရှိုးမြို့နဲ့ တဆက်တည်း နမ္မတူမှာလည်း အေတီချောင်းရေလျှံမှုကြောင့် မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေတယ်လို့ နမ္မတူမြို့နယ် ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမတ် ဒေါ်နန်းခမ်းအေးက ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံမြို့မှာလည်း  ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒီနေ့အထိ မြို့တွင်းရေလွှမ်းမှု ဖြစ်ပွားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ခါးလယ်ခန့်ထိ ရေရောက်ရှိနေတဲ့အတွက် တချို့အိမ်တွေ ပြောင်းရွှေ့နေထိုင်ကြရပြီး လူမှုရေးအဖွဲ့တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ကယ်ဆယ်ရေးလုပ်နေတယ်လို့ ကျိုင်းတုံမြို့ခံတွေက ပြောပါတယ်။

ပဲခူးတိုင်း ပဲခူးမြို့မှာလည်း ပဲခူးမြစ်ရေ မြင့်တက်လာတာကြောင့် မြေနိမ့်ရပ်ကွက်တချို့ ရေ၀င်ပြီး ရေနစ်မြုပ်နေပေမယ့် အခြေအနေ ဆိုးဆိုးဝါးဝါးတော့ မရှိသေးဘူးလို့ ပဲခူးမြို့ခံ ဦးအေးမြင့်က ပြောပါတယ်။

“မြစ်ရေကတော့ ပျက်စီးသွားလောက်အောင်တော့ မကြီးသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပဲခူးမြို့နယ် အစပ်နဲ့ ဒိုက်ဦးမြို့နယ်မှာလည်း တော်တော်ကြီးသွားတယ်။ လှည်းတွေ ရေမြုပ်ကုန်တယ်လေ။ တက်လာလိုက် ကျလိုက်ပဲ ရှိသေးတယ်။ ကယ်ဆယ်ရေး စခန်းတွေ လုပ်ရတဲ့အဆင့်တော့ မဟုတ်သေးဘူး။”

တနင်္သာရီတိုင်း တနင်္သာရီမြို့မှာလည်း မိုးသည်းထန်မှုကြောင့် ပြီးခဲ့တဲ့ ၄ ရက်လောက်ကတည်းက မြို့တွင်း မြေနိမ့်ရပ်ကွက်တွေမှာ ရေ၀င်ပြီး အိမ်ခြေ ၃၀ လောက် ရေနစ်မြုပ်သွားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ရေနစ်မြုပ်သွားတဲ့ အိမ်တွေကတော့ ကုန်းပေါ် နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ သွားရောက်ခိုလှုံကြပြီး ဒေသခံတွေနဲ့ လူမှုရေးအဖွဲ့တွေက အစားအသောက်တွေ ကူညီပေးနေတယ်လို့ သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013