DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသူများအတွက် ကောင်းမှုကုသိုလ်ပြုလုပ်
DVB
·
August 16, 2018
အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသူများအတွက် ကောင်းမှုကုသိုလ်ပြုလုပ်
1 / 6
Donate to DVB

အကြမ်းဖက်တိုက်ခိုက်ခံရလို့ သေဆုံးသွားသူတွေအတွက် ဟိန္ဒူဘာသာဓလေ့ ထုံးစံအတိုင်း ကောင်းမှုကုသိုလ်ပြုပေးတဲ့ အခမ်းအနားတခုကို မောင်တောမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

၂၀၁၇ သြဂုတ် ၂၅ ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခမောင်းဆိပ်နဲ့ ရဲဘော်ကျား ကျေးရွာတွေမှာ အကြမ်းဖက်တိုက်ခိုက်ခံရလို့ သေဆုံးခဲ့ရသူ ၁၀၀ ကျော်ကို ရည်စူးပြီး နှစ်ပတ်လည် ဆုတောင်းပွဲတခုကို မောင်တောမြို့ပေါ် လေးရပ်ကွက် ဟိန္ဒူဒုက္ခသည်စခန်းမှာ ဟိန္ဒူဘာသာရေးပြက္ခဒိန်အရ ၁ နှစ်ပြည့်မြောက်တဲ့ သြဂုတ်လ ၁၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဘုန်းတော်ကြီး ရှင်ဒရော် ရှာကော်ရတီက “မိန်းမ၊ ယောကျာ်း၊ သားသမီး စသည်ဖြင့် သေသွားတဲ့ လူတွေရှိတယ်၊ သူတို့အတွက် ကျနော်တို့က နှစ်ပတ်လည်မှာ ဘုရားပူဇော်ပွဲကို ပြုလုပ်ပေးတဲ့အတွက် နတ်ပြည်ကို ရောက်ပါစေလို့ ဆုတောင်းပေးကြတာပါ” လို့ ပြောပါတယ်။

ဆုတောင်းပွဲကို ဟိန္ဒူဘာသာရေး ဓလေ့ထုံးစံအတိုင်း စီစဉ်ကျင်းပတာဖြစ်ပြီး မောင်တောမြို့ ဟိန္ဒူလူမှုကူညီရေးအသင်းက စီစဉ်ပြီး ကျန်ရစ်တဲ့ မိသားစုတွေက စုပေါင်းပါဝင်ခဲ့ကြပါတယ်။

ဟိန္ဒူလူမှုကူညီရေးအသင်းမှ ဦးနီမောလ်က “သူတို့ဝတ်ခဲ့တဲ့ ၀တ်စုံကအစ အသက်ရှင်နေခဲ့စဉ်က သုံးခဲ့တာတွေကို ဒီနေ့ ရေစက်ချပြီးတော့ တနှစ်ပြည့် ဆုတောင်းပွဲလုပ်ရပါတယ်။ ဟိန္ဒူဘာသာရေး ဓလေ့ထုံးစံအတိုင်းပါ။ ကွယ်လွန်သွားတဲ့သူတွေ နိဗ္ဗာန်ရောက်ပါစေ၊ ဒီလိုမျိုးခံရတာ နောက်လည်း မခံရအောင် လိုအပ်တဲ့ ပစ္စည်းတွေလှူဒါန်းပြီးတော့ လုပ်တာပါ” လို့ ပြောပါတယ်။

တိုက်ခိုက်ခံရတာကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ရသလို အမျိုးသမီးနဲ့ ကလေးငယ်တချို့ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရပြီး နောက်ပိုင်းမှာ ဟိန္ဒူဘာသာရေး အဖွဲ့တွေနဲ့ မြန်မာအစိုးရတို့က ကယ်တင်ခဲ့တဲ့အတွက် ပြန်လည်လွတ်မြောက်လာတာပါ။ ကျန်ရစ်သူ မိသားစုတွေကတော့ အခုအချိန်အထိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြရဆဲဖြစ်ပါတယ်။

မရီခါးက “ကျမ ယောက်ျား၊ တူတယောက်၊ မောင်တယောက်၊ အကိုတယောက်ပါတယ်။ အိမ်တစုတည်းမှာ ယောက်ျားလေးယောက် ပါသွားပါတယ်။ အခုဒီမှာ စားဖို့ သောက်ဖို့လည်း ပေးကြပါတယ်။ ဒါပေမယ့် ကိုယ့်မိသားစုတွေအစုံနဲ့ဆိုရင်တော့ ထမင်းတထပ်ပဲစားရလည်း စိတ်ချမ်းသာမှာ။ အခုတော့ စိတ်မှာပူနေရပါတယ်” လို့ ပြောပါတယ်။

ဟိန္ဒူလူမှုကူညီရေးအသင်းရဲ့ စာရင်းအရ ၂၀၁၇ ခုနှစ်သြဂုတ်လ တိုက်ခိုက်ခံရတဲ့အချိန်မှာ သေဆုံးသူ ၁၁၃ ဦးရှိပြီး အဲ့ဒီထဲက သေဆုံးသူ ၄၅ ယောက်ရဲ့ အလောင်းတွေကိုပဲ ပြန်လည်ရရှိခဲ့ပေမယ့် ငါးဆယ်ကျော်ကတော့ ပျောက်ဆုံးနေပါတယ်။

လွတ်မြောက်လာသူတွေကတော့ ပျောက်ဆုံးနေသူတွေလည်း သတ်ဖြတ်ခံခဲ့ရပြီးဖြစ်တယ်လို့ ပြောပါတယ်။ ကျေးရွာတွေလည်း ပျက်စီးခဲ့ရသလို အိုးအိမ်မဲ့ဖြစ်ခဲ့တဲ့ ဟိန္ဒူလူဦးရေ ၁၂၀၀ ကျော်ကတော့ ဒုက္ခသည်စခန်းထဲမှာ နေထိုင်နေကြရဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013