DVB Logo
Home
မေးမြန်းခန်း
မဲပေးတဲ့စနစ် ပိုပြီးရှင်းလင်းအောင် ပြင်ဆင်ဖို့သာ လိုလိမ့်မယ်
DVB
·
July 29, 2012
မဲပေးတဲ့စနစ် ပိုပြီးရှင်းလင်းအောင် ပြင်ဆင်ဖို့သာ လိုလိမ့်မယ်
Donate to DVB

ဒီမိုကရေစီမိတ်ဆွေများ ၁၀ ပါတီကနေ မြန်မာနိုင်ငံမှာ လက်ရှိ ကျင့်သုံးနေတဲ့ ရွေးကောက်ပွဲစနစ်ဟာ ချို့ယွင်းချက်တွေရှိနေပြီး အဲဒီအတွက် အိမ်နီးနားချင်း နိုင်ငံတချို့နဲ့ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံ အများအပြားမှာ ကျင့်သုံးနေတဲ့ အချိုးကျ ကိုယ်စားပြုစနစ်ကို မြန်မာနိုင်ငံမှာ ကျင့်သုံးဖို့လိုနေပြီး ကျင့်သုံးနိုင်အောင်လည်း ကြိုးပမ်းသွားမယ်လို့ ဒီမိုကရေစီမိတ်ဆွေများ ၁၀ ပါတီက ကြေညာချက်ထုတ်ပြန်ပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲ စနစ်နဲ့ ပတ်သတ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက အဖွဲ့ဝင်တဦးဖြစ်တဲ့ သတင်းစာဆရာကြီးနဲ့ နှစ်ရှည်နိုင်ငံရေး အကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီမိုကရေစီမိတ်ဆွေများပါတီက ကြေညာချက်ထုတ်ပြန်ထားတဲ့ အချိုးကျ ရွေးကောက်ပွဲစနစ် ပြင်ဆင်တာကို ကြိုးစားမယ်လို့ ဆိုထားတာကို ဘဘအနေနဲ့ ဘယ်လိုသုံးသပ်လို့ ရမလဲ။

“ဒီကိစ္စတွေကို အားပေးနေတာက အမှန်အတိုင်းပြောရရင် စစ်အစိုးရတပိုင်းကနေ စပြီးတော့ လုပ်နေတာ။ ဘာလုပ်လဲဆိုတော့ ပွစိကြဲ ဗြုတ်စဗျင်းတောင်းတွေကို လိုက်စုစည်းဖို့ အားပေးဖို့လုပ်နေတယ်။ နိုင်ငံရေးလောကမှာကြည့်ပါ။ တိုင်းရင်းသားတွေ၊ လူမျိုးစုအဖွဲ့အစည်းတွေပဲကြည့်ပါ။ သူတို့အကုန်လုံးကို ပစ်ပယ်ထားတဲ့၊ နှစ်ပေါင်းများစွာ မတရားအသင်းကြေညာထားတဲ့ အဖွဲ့အစည်းတွေရော၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အကုန်လုံးကို ပြန်ပြီးတော့ ကောက်သင်းကောက်သလို လုပ်နေတဲ့အချိန်မှာ ၁၀ ပါတီက ပေါ်လာတဲ့အခါကျတော့ ကျနော်တို့မှာ အံ့အားသင့်တယ်လို့ ပြောမယ်ဆို ပြောလို့ရတယ်။ ဒါတွေအကုန်လုံးဟာ ဒီ အစိုးရပိုင်းကနေပြီးတော့ ကောက်သင်းကောက်လုပ်ချင်တဲ့ ဆန္ဒတွေ၊ အကွဲကွဲ အပြဲပြဲ ဖြစ်စေလိုတဲ့ သဘောတွေ၊ မဲပေးတဲ့ စနစ်ကစပြီးတော့ ရှုပ်ထွေးအောင်လုပ်နေတဲ့အချိန်၊ ကျနော်တို့ လိုချင်တာ ဒါတွေမဟုတ်ဘူး။ မဲပေးတဲ့စနစ်မသန့်ရှင်းတာတွေ ဥပမာ ကြံ့ဖွံ့အစိုးရ ၂၀၁၀ ရွေးကောက်ပွဲမှာ လုပ်သွားတာမျိုးတွေ မဖြစ်အောင်၊ ဒီလို မတရားမှုတွေ၊ မရိုးဖြောင့်မှုတွေ မသန့်ရှင်းမှုတွေ ဒါတွေကို ဖယ်ရှားဖို့အတွက်ကို ဒီမဲပေးတဲ့စနစ်ကို ပိုပြီးတော့ ရှင်းလင်းလွယ်ကူအောင် ပြင်ဆင်ဖို့သာ လိုလိမ့်မယ်။ ပါတီတွေဟာလည်း အင်အားကြီးနိုင်ငံရေးပါတီတွေ ပေါ်ထွန်းဖို့အတွက်၊ တိုင်းပြည်အတွက် ဦးဆောင်နိုင်မယ့် ပါတီကြီး. ဒီမိုကရေစီပါတီဆိုလည်း ဒီမိုကရေစီပါတီပေါ့။ စစ်တပ်နောက်ခံပြုတဲ့ ကြံ့ဖွံ့ပါတီဆိုလည်း ပါတီပေါ့။ ဒီလိုလုပ်သွားဖို့သာ ရှိတယ်လို့ ကျနော်က ထင်ပါတယ်။ မဲပေးပုံစနစ်တွေ လျှောက်ပြင်ဖို့လောက် ကျနော်တို့မှာ နိုင်ငံရေးအားဖြင့်တော့ ခံတွင်းတွေ့စရာ မဟုတ်ဘူးလို့ ကျနော်ကတော့ ယူဆတယ်လို့ ပြောချင်ပါတယ်။”

တချို့က ကြံ့ခိုင်ရေးပါတီမှာလည်း စိုးရိမ်တာမျိုးရှိတယ်။ ၂၀၁၁ ကြားဖြတ်ရွေးကောက်ပွဲပုံစံအတိုင်းသာ သွားရင် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း အန်အယ်လ်ဒီပဲ နိုင်မှာပဲ။ တိုင်းရင်းသားနယ်တွေမှာရော တတိုင်းတပြည်လုံး နေရာအနှံ့မှာရောပေါ့၊ သူတို့က ဒါကိုစိုးရိမ်ပြီးတော့ လုပ်လာတဲ့သဘောမှာရှိတယ်။ အဲအပေါ်မှာရော ဘဘအနေနဲ့ ဘယ်လိုသုံးသပ်ချင်ပါလဲ။

“ဒါကတော့ သူတို့ပါတီလုပ်ငန်းအနေနဲ့. လက်ဆုပ်လက်ကိုင်မပြောနိုင်ဘဲနဲ့တော့ ကျနော် ဝေဖန်ချက်သိပ်မပေးချင်ဘူး။ ၂၀၁၅ နဲ့ ပတ်သက်ပြီးတော့ မျှော်မှန်းတဲ့သဘော၊ ရည်မှန်းတဲ့သဘော၊ အလားအလာ သဘောတွေကို စဉ်းစားသုံးသပ်တာကတော့ သုံးသပ်လို့ရပါတယ်။ သိပ်ပြီးတော့လည်း မမှားဘူး။ ၂၀၁၅ ခုနှစ်မှာ အန်အယ်လ်ဒီပေါ့၊ သို့မဟုတ်လည်း စစ်မှန်သောဒီမိုကရေစီအင်အားစုတွေ၊ စစ်ချိုးကပ်နေတဲ့ နိုင်ငံရေးပါတီတွေ၊ ပြည်သူကိုဘယ်တော့မှ အကျိုးမပြုဘဲ ပြည်သူကို နိုင်ထက်စီးနင်းလုပ်ခဲ့တဲ့ အာဏာရပါတီတွေ၊ စစ်အစိုးရ အာဏာရှင်ပါတီတွေ အဲပါတီတွေရဲ့ အကြွင်းအကျန်တွေကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတွေကိုတော့ ပြည်သူလူထုက မလိုချင်တော့ဘူးဆိုတာ ထင်ရှားတယ်။ အမှန်ပဲဆိုတာကို ကျနော်က သုံးသပ်ချင်ပါတယ်။ အန်အယ်လ်ဒီချည်းပဲ ရမယ်ဆိုတာမျိုးတော့ စောသေးတယ်လို့လည်း ထင်တယ်၊ ပြောလည်းမပြောချင်ဘူး။ ပြောဖို့မလိုဘူးလို့လည်း ယူဆပါတယ်။”

သူတို့တွေ ကြိုးပမ်းမယ်ဆိုရင် ဘာဖြစ်နိုင်လဲ။ သူတို့ပါတီက ကြေညာချက် ထုတ်ထားတာမှာ မြန်မာနိုင်ငံအတွက် ရှေ့ဆက် ကျင်းပမယ့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲမှာ ခေတ်မီပြီး တရားမျှတတဲ့ အချိုးကျကိုယ်စားပြု စနစ်နဲ့ နောက် အခုရှိနေတဲ့ စနစ်ကို ပေါင်းစပ်ကျင့်သုံးဖို့ကို သူတို့ ကြိုးပမ်းသွားမယ်လို့ ကြေညာတယ် အဲဒါကရော ဘယ်လိုသဘောရလဲ။

“ကြိုးပမ်းမယ်ဆိုရင် ကောင်းပါတယ်။ ကြိုးပမ်းကြပါလို့ တိုက်တွန်းချင်တာပေါ့။ အကယ်၍သာ သူတို့မှာ စေတနာမှန် စေတနာကောင်း ရှိတယ်ဆိုရင် ဗြုတ်စဗျင်းတောင်းတွေ ကောက်သင်းကောက်ဖို့တို့၊ ရှိနေတဲ့ဟာတွေ အကုန်လုံးကို ပဲရောစပါးရော နှမ်းရောပါ ရောပြီး ကြိတ်ချင်တဲ့ ဆန္ဒတင် ရှိတာ မဟုတ်ဘဲနဲ့ ရိုးရိုးတန်းတန်းနဲ့ကို ဆန်ကောင်းဆန်သန့်၊ ဆီကောင်းဆီသန့် ပေါ်ပေါက်ရေးအတွက် လုပ်တာမျိုးဆိုရင်တော့ လုပ်ပါ၊ ကောင်းမွန်ပါတယ်လို့ ကျနော်က ပြောချင်ပါတယ်။”

အခုလက်ရှိ အာဏာရ ကြံ့ဖွံ့အစိုးရအနေနဲ့ လူတော်တော်များများနဲ့ ပါတီတော်တော်များများနဲ့ လိုက်တွေ့ကြတယ်။ ပြည်ပရောက်အတိုက်အခံတွေနဲ့ တွေ့တယ်။ ပြည်တွင်းမှာရော တွေ့တဲ့အခါကျတော့ အဲဒီသဘောကိုရော ဘဘ အနေနဲ့ ဘယ်လိုသုံးသပ်လို့ ရနိုင်သလဲ။

“အဲဒါတွေက ပြောရတော့ ခက်သားဗျာ။ သူတို့အနေနဲ့ သိတဲ့အတိုင်းပဲ။ သူတို့ အတွင်းသဘောထားတွေ မပြဘဲနဲ့။ စစ်တိုက်သလိုပေါ့ဗျာ။ စစ်တိုက်တဲ့ အရိပ်တွေက ပါနေတဲ့အခါကျတော့ စစ်တိုက်တယ်ဆိုတာက တခါတလေ ထိုးစစ်ချည်းပဲ မဟုတ်ဘူးဗျ။ တခါတလေကျတော့ အနားသားဖြိုတာတို့၊ နောက်ဆုတ်ပြီး ဟိုဘက်ကနေ ကွေ့တက်တာတို့ အဲဒီလိုသဘောမျိုးတွေ အရိပ်လက္ခဏာတွေ အများကြီးတွေ့ရတယ်လို့ ကျနော်ထင်တယ်။ အခု ဒီနိုင်ငံရေးကိစ္စတွေကို စဉ်းစားတဲ့အခါမှာ သူတို့ပါတီရဲ့ ရှေ့အလားအလာရော၊ ဗမာပြည်နိုင်ငံရေးရဲ့ ရှေ့အလားအလာကို စဉ်းစားတဲ့အခါမှာ ကျနော်ထင်တယ် သူတို့ရဲ့ အတွေးအခေါ်တွေဟာ အဲဒီလို အနေအထားတွေပေါ်မှာ အများကြီး ရှိနေတယ်လို့ ကျနော်ထင်တယ်တယ်ဗျ။ အဲဒါတွေရဲ့ ရိုက်ခတ်ချက်တွေ၊ ထင်ဟပ်ချက်တွေပဲ ဖြစ်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013