Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ(ရုပ်သံ)
DVB
·
August 16, 2018
  ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Crazy Rich Asians အမည်ရတဲ့ ရုပ်ရှင်ကားပါ။ ဒီကားဟာ Singaporean-American စာရေးဆရာ Kevin Kwan ရဲ့ ဝတ္ထုကို အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Jonathan Murray Chu က ရိုက်ကူးပုံဖော်ပေးထားတာဖြစ် ပါတယ်။ Romantic Comedy Drama အမျိုးအစား ရုပ်ရှင်ကြိုက် ပရိသတ်တွေ နှစ်သက်ကြမယ့် ဒီရုပ်ရှင်ကားကိုတော့ နာမည်ကြီး Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ Rachel ဟာ နယူးယောက်မှာ ကြီးပြင်းတဲ့ Economics Professor မိန်းကလေး တယောက်၊ သူ့ချစ်သူ Nick ကတော့ အာရှသားတယောက်ဖြစ်ပြီး သူတို့ ၂ ယောက်ဟာ အချိန်တော်တော်ကြာ တွဲနေခဲ့ကြတဲ့ ချစ်သူတွေ ဖြစ်ကြတယ်။ တနေ့မှာတော့ Nick ရဲ့ သူငယ်ချင်း မင်္ဂလာပွဲကို အတူသွားဖို့ ဖြစ်လာတယ်။ အဲဒီမင်္ဂလာပွဲဟာ စင်ကာပူမှာ ကျင်းပမှာဖြစ်ပြီး Rachel အတွက်တော့ ဒါဟာ ပထမဆုံး အာရှခရီး ဖြစ်နေတယ်။ အဲဒီအချိန်မှာမှ Rachel ရုတ်တရက် သိလိုက်ရတာက Nick ဟာ ချမ်းသာတဲ့ အာရှအသိုင်းအဝိုင်းက ကြီးပြင်းလာသူတယောက်ဖြစ်ပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တယောက် ဖြစ်နေတာပါပဲ။ သူတို့ နှစ်ယောက်ကို ယှဉ်တွဲတွေ့လိုက်ရချိန်မှာ မိန်းကလေးတွေက သူတို့ ၂ ယောက် လက်ထပ်လိုက်မှာကို မလိုလားတဲ့အပြင် Nick ရဲ့ မိသားစုနဲ့ တွေ့ဆုံချိန်မှာ မိခင်ကလည်း သဘောမတူခဲ့ဘူး။ ဒီအချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ။ ငွေကြေးနဲ့ ချစ်ခြင်းမေတ္တာကို ဝယ်ယူနိုင်မလား ဆိုတာတွေကို ဒီကားထဲမှာ ရှုပ်ထွေးတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ အရှေ့နဲ့ အနောက် မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ ခြားနားမှုတွေကို အဲဒီမှာ စတွေ့လာချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ တွေကို ဒီကားထဲမှာ ရှုစားကြရမှာပါ။ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ Rachel နဲ့ Nick နေရာမှာတော့ သရုပ်ဆောင် မင်းသမီး Constance Wu နဲ့ British-Malaysian မင်းသား Henry Goldings တို့က ခေါင်းဆောင် ပါဝင်ထားကြပြီး မြန်မာပရိသတ်တွေ သိကြပြီးဖြစ်တဲ့ မင်းသမီး Michelle Yeoh ကတော့ Nick ရဲ့ မိခင်နေရာကနေ ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၂၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ သန်း ၃၀ အကုန်အကျခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေ၊ ဇာတ်ဝင်ခန်းတွေ၊ ပြောစကား Dialog တွေ ပါဝင်နေတာမို့ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေကိုတော့ မိဘ အုပ်ထိန်းသူရဲ့ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ IMDb မှာလည်း Rating 6.7 ထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် သြဂုတ်လ ၁၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Drama, Fairy tale, Fantasy, Adventure ရုပ်ရှင်အမျိုးအစား ကြိုက်တဲ့ ပရိသတ်တွေ နှစ်သက်စေမယ့် ရုပ်ရှင်ကားပါ။  The Little Mermaid လို့ အမည်ရပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာ Blake Harris က ပုံဖော်ရိုက်ကူးပေးထားခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ အဘွားအိုတဦးက မြေး ၂ ယောက်ကို ဖြစ်ရပ်မှန်ဇာတ်လမ်း တခုကို ပြောပြနေပုံနဲ့ အစပျိုးထားခဲ့ပါတယ်။ သူ ပြောပြတဲ့ ပုံပြင်ထဲမှာ သတင်းထောက် ကောင်လေးတယောက်နဲ့ သူ့ရဲ့ တူမလေးဟာ လူတပိုင်း-ငါးတပိုင်း သွင်ပြင်နဲ့ ရေသူမလေး တယောက်ကို ဆပ်ကပ်ရုံတခုရဲ့ မှန်လှောင်အိမ်ထဲမှာ စတင်တွေ့ရှိခဲ့ကြပြီးနောက်မှာ ဘာတွေ ဆက်ဖြစ်လာလိမ့်မလဲ ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲက အဓိကဇာတ်ကောင် သတင်းထောက်ကောင်လေး Cam Harrison နေရာမှာတော့ ဗြိတိန်မင်းသား William Moseley က သရုပ်ဆောင်ထားခဲ့ပြီး ရေသူမလေး နေရာမှာတော့ ဗြိတိန်သရုပ်ဆောင် မင်းသမီးတဦး ဖြစ်တဲ့ Poppy Drayton တို့က အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၅ သန်း အကုန်အကျခံ ရိုက်ကူးထားခဲ့တဲ့ ဒီရုပ်ရှင် ကားဟာ IMDb မှာတော့ Rating 5.6 ထိ ရရှိထားပါတယ်။ ကြာမြင့်ချိန် ၈၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် သြဂုတ်လ ၁၇ ရက်နေ့ မှာ ရုံတင်ပြသတော့မှာ ဖြစ်ပြီး မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ဇာတ်ကားကတော့ မြန်မာရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ နာနာဘာဝချစ်သူ လို့ အမည်ရပါတယ်။ ညီလွမ်းဦးရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ သြရသက ပုံဖော်ရိုက်ကူးပေးထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ Myanmar Media 7 ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ နာမည်ကြီး ဟာသသရုပ်ဆောင် ဗေလုဝနဲ့ ထိုင်းသရုပ်ဆောင် မင်းသမီး ပတ်ချာရာ တူသောင်တို့က ခေါင်းဆောင်ပါဝင်ထားကြတာပါ။ အိမ်ခြံမြေအရောင်းအ၀ယ်တခုကနေ ပါလာခဲ့တဲ့ ထိုင်းသရဲမလေး ကွန်ရက်အဖြစ် ပတ်ချာရာက သရုပ်ဆောင်ထားပြီး ဗေလုဝကတော့ သေရွာပြန်ချမ်းမြေ့ ဆိုတဲ့ ဇာတ်ကောင် နေရာကနေ ပါဝင်ထားခဲ့ကြတာပါ။ လူက သရဲကို မကြောက်ရဘဲ သရဲက လူကို ပြန်ကြောက်ရတဲ့ ရုပ်ရှင်ကားအဖြစ် ပုံဖော်ဖန်တီးထားတဲ့ ဒီကားထဲမှာတော့ အလွဲလွဲ အချော်ချော်၊ ကမောက်ကမ ဟာသဆန်ဆန် သရုပ်ဆောင်မှုတွေကို ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ဗေလုဝ၊ ပတ်ချာရာတို့နဲ့အတူ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ အရိုင်း၊ ညီထွဋ်ခေါင်၊ ကျော်ကျော်တို့ကလည်း ပါဝင်အားဖြည့် သရုပ်ဆောင်ထားကြပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် သြဂုတ်လ ၂၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ဟောလိဝုဒ် ရုပ်ရှင်ကားတကား ဖြစ်တဲ့ Billionaire Boys Club ဆိုတဲ့ ရုပ်ရှင်ကားပါ။ ဒီကားကိုတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ James Cox က ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပြီး Biography, Drama, Thriller အမျိုးအစား ရုပ်ရှင်နှစ်သက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ အမေရိကန်နိုင်ငံရဲ့ ၁၉၈၀ ပြည့်နှစ်ကာလကို အခြေတည် ရိုက်ကူးထားတာဖြစ်ပြီး လော့စ်အိန်ဂျလိစ်မြို့က Harvard ကျောင်းဆင်း ကောင်လေး ၄ ယောက်ဟာ Investment Club တခုကို တည်ထောင်ကြတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က အချိန်တိုအတွင်းမှာ အမြန်ဆုံး ကြွယ်ဝချမ်းသာလာဖို့။ ဒါပေမယ့် နောက်ပိုင်း အဲဒီ Fund တွေ ကုန်သွားချိန်မှာ သူတို့ Club ထဲမှာ ရင်းနှီးမြှုပ်နှံသူတဦးကို ပြန်ပေးဆွဲပြီး လူသတ်မှုတွေ ကျူးလွန်တဲ့ထိ ဖြစ်လာခဲ့ချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာတွေကို သည်းထိတ်ရင်ဖို ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ အဓိကသရုပ်ဆောင်တွေအဖြစ် အမေရိကန်မင်းသား Ansel Elgort, Taron Egerton, Kevin Spacey တို့နဲ့အတူ မင်းသမီး Emma Roberts, Billie Lourd တို့က အတွဲညီညီ ပါဝင်ထားကြတာ ဖြစ်ပါတယ်။   ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၁၅ သန်း အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 5.6 ထိ ရရှိထားပါတယ်။  ဒီကားထဲမှာတော့ ကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေ၊ သရုပ်ဆောင်မှုတွေ ပါဝင်နေတာမို့ Rated R အဆင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၀၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် သြဂုတ်လ ၁၇ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားတကား ရှိနေပါတယ်။ ဒီကားကိုတော့ လူကြမ်းတယောက်ရဲ့ ဒိုင်ယာရီလို့ အမည်ပေးထားပါတယ်။ ဒီကားကိုတော့ သရုပ်ဆောင် သားညီက ဒါရိုက်တာအဖြစ် ရိုက်ကူးပုံဖော်ပေးထားခဲ့တာဖြစ်ပြီး ဒီပါမိုး ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ထက်မြတ်နိုင်ဇင်ရဲ့ ဇာတ်လမ်းကို ဆူးခတ်မင်းက ဇာတ်ညွှန်းခွဲထားပေးတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ ဘာသာမတူတဲ့ လူငယ် ၂ ဦးကြားက အချစ်ရေးမှာ ဘာသာ အယူအစွဲကြီးတဲ့ လူကြီးတယောက်က ဘယ်လို အနှောင့်အယှက်တွေ ပေးမလဲဆိုတာကို ကြမ်းကြမ်းရမ်းရမ်း ဇာတ်ဝင်ခန်းတွေနဲ့အတူ ရှုစားကြရမှာပါ။ ဒီရုပ်ရှင်ကားထဲမှာ သရုပ်ဆောင်မင်းသား လူမင်း၊ အဆိုတော် ယုန်လေးနဲ့ အလှမယ် ထားထက်ထက်တို့ ခေါင်းဆောင်ပါဝင်ထားကြပြီး တခြားသရုပ်ဆောင်တွေဖြစ်တဲ့ ဂျိုကာ၊ ဘေဘီမောင်တို့နဲ့အတူ သရုပ်ဆောင်တွေ အများကြီး ပါဝင်အားဖြည့်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက ရိုက်ကူးခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှ ရုံတင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားမှာ လူကြမ်းတယောက် အသည်းကွဲခြင်းလို့ အမည်ပေးထားတဲ့ ဇာတ်ဝင်သီချင်းတပုဒ်ကိုတော့ ယုန်လေးနဲ့ နီနီခင်ဇော်တို့က သီဆိုပေးထားကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီရုပ်ရှင်နမူနာဟာ ထွက်မလာခင်ကတည်းက အင်တာနက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့ပြီး ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇ သိန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် သြဂုတ် ၁၇ ရက်နေ့မှာ ရုံတင်ပြသသွားမှာ  ဖြစ်ပါ တယ်။ Movie Crazy – DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇း၃၀ နာရီမှာ ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိသတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉း၃၀ နာရီ၊ စနေနေ့ နေ့လယ် ၁၂း၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉း၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy – DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း ကြည့်ရှုအားပေးနိုင်ပါ တယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024