DVB Logo
Home
မြန်မာသတင်း
သာစည်မြို့လယ်က ဓာတ်ဆီဆိုင် မြို့ပြင်ထုတ်ရန် လှည့်လည်ဆန္ဒပြ
DVB
·
July 30, 2012
သာစည်မြို့လယ်က ဓာတ်ဆီဆိုင် မြို့ပြင်ထုတ်ရန် လှည့်လည်ဆန္ဒပြ
Donate to DVB

မန္တလေးတိုင်း သာစည်မြို့ရဲ့ မြို့လယ်မှာ ဖွင့်လှစ်ထားတဲ့ စက်သုံးဆီဆိုင်တဆိုင်ကို မြို့ပြင်ထုတ်ပေးဖို့ မြို့ခံတွေ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

သာစည်မြို့လယ်ခေါင်က ကောင်းဇော်ဟိန်း ပုဂ္ဂလိက စက်သုံးဆီဆိုင်ဟာ လောင်စာဆီဂါလန် အများအပြား သိုလှောင်ပြီး လူနေရပ်ကွက်အတွင်း ရောင်းနေတာကြောင့် မြို့ပြင်ထုတ်ပေးဖို့ ဆန္ဒပြကြတာဖြစ်ပါတယ်။

အဲဒီဆိုင်ဟာ အစိုးရမလွှဲခင်က ဂါလန် ၁ ထောင်ဆံ့သာ ထားရှိတာဖြစ်ပြီး ပုဂ္ဂလိက ဆိုင်လက်ထက်မှာ တိုးမြှင့်သိုလှောင်တာလို့ ဆိုပါတယ်။

ခွင့်ပြုချက်အတိုင်း လူ ၁၀၀ ထက်မပိုစေဘဲ ၁ နာရီကြာ စုဝေးချီတက် ဆန္ဒပြကြတာဖြစ်ပြီး သူတို့ ဆန္ဒပြရတဲ့ ရည်ရွယ်ချက်ကို ဦးစီးကူညီဆောင်ရွက်သူ တဦးက အခုလို ပြောပါတယ်။

“ကောင်းဇော်ဟိန်းနာမည်နဲ့ ဖွင့်ထားတဲ့ ဆီဂါလန် ၁၉၀၀၀ လောက်ဆံ့တဲ့ ကန်နဲ့ရှိနေတဲ့ စက်သုံးဆီဆိုင်ဟာ ပေ ၁၀၀ အတွင်းမှာ အထက်တန်းကျောင်းတွေ၊ မူလတန်းကျောင်းတွေ ရှိတယ်။ လျှပ်စစ်ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနတွေ ရှိတယ်။ မြိုရဲ့ အလယ်ဗဟိုချက်ဖြစ်နေတဲ့အတွက် ဒါဟာ မြို့ရဲ့မီးဘေးကို အန္တရာယ် ဖြစ်စေတဲ့အတွက် ဖယ်ရှားပေးဖို့ တင်ပြခဲ့တယ်။ တင်ပြတာ ဘာမှမထူးခြားလာဘူး။ ငြိမ်းချမ်းစွာစုဝေး လှည့်လည်ခွင့်ဆိုတဲ့ နည်းဥပဒေထွက်လာပြီးတဲ့အခါ ပြည်သူတွေဟာ စုစုစည်းစည်း၊ ညီညီညွတ်ညွတ်နဲ့ သူတို့ရဲ့ဆန္ဒကို ဖော်ထုတ်ခဲ့ပါတယ်။”

သူတို့ ဆန္ဒပြမခင်ကတည်းက အထက်အာဏာပိုင်တွေကို အကြိမ်ကြိမ် တင်ပြခဲ့ပေမယ့် မထူးခြားတဲ့အတွက် ဆန္ဒပြခွင့်ဥပဒေ ထွက်လာတဲ့အခါ ဆန္ဒပြခွင့်ပြုဖို့ သာစည်မြို့ အကျိုးဆောင်ကွန်ရက်က ဒေါ်နွဲ့ယဉ်က တင်ပြ တောင်းဆိုခဲ့တာပါ။ ဒါကို မြို့နယ်ရဲက ငြိမ်းချမ်းစွာ စုဝေးလှည့်လှည်ဆန္ဒပြခွင့် ပုဒ်မ ၅ အရ လိုက်လျောလိုက်တာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာ ထောက်ခံသူတွေက အကျွေးအမွေးတွေနဲ့ ဧည့်ခံသလို ရဲတွေကလည်း လုံခြုံရေးအရ လိုက်ပါစောင့်ရှောက်တာကြောင့် ဆန္ဒပြပွဲချောမွေ့တယ် ဆိုပေမယ့် အဓိက တောင်းဆိုချက်ကို လိုက်လျောရေးက ပိုမိုအရေးကြီးတယ်လို့ သူက ပြောပါတယ်။

“လူထုဆန္ဒဖော်ထုတ်ပြီးတဲ့အခါမှာ လူထုရဲ့ဆန္ဒကို လေးစားတယ်ဆိုရင် မြို့ရဲ့ဗဟိုချက်နေရာကနေပြီးတော့ ပြည်သူလူထုရဲ့ စားဝတ်နေရေးနဲ့ လုံခြုံရေးကို မထိခိုက်စေမယ့် စီးပွားရှာမှုပေါ့။ အခုရောင်းချမှုကို မြို့နဲ့ လွတ်လွတ်ကင်းကင်း တနေရာမှာ စီးပွားရှာမှု လုပ်စေချင်ပါတယ်။ အဓိကကတော့ ရွှေ့ပြောင်းစေချင်တဲ့ ဆန္ဒရှိတယ်။ လက်တွေ့ကျကျ ထိရောက်တဲ့ ရွှေ့ပြောင်းမှုမျိုးကို အကောင်အထည် ဖော်စေချင်တဲ့ ဆန္ဒမျိုးရှိပါတယ်။”

အစိုးရသစ်လက်ထက်မှာ လွတ်လပ်စွာ ဆန္ဒပြခွင့်ရှိလာတာနဲ့အမျှ လယ်သိမ်းခံရတဲ့ လယ်သမားတွေကလည်း သူတို့လယ်တွေကို ပြန်လည် လုပ်ကိုင်ခွင့်ရဖို့ တောင်းဆို ဆန္ဒပြပွဲတွေ လုပ်နေကြပါတယ်။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/oil/]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013