DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်ကြောင်းသွား ခရီးသည်တင်ရေယာဉ်များ ပြေးဆွဲမှု ယာယီရပ်နား
DVB
·
July 28, 2012
Donate to DVB

ချင်းတွင်းမြစ်ကြောင်းသွား ခရီးသည်တင် ရေယာဉ်တွေအားလုံး ဇူလိုင် ၂၈ ရက်ကစပြီး ယာယီ ရပ်နားထားလိုက်ပါတယ်။

ချင်းတွင်းမြစ်အထက်ပိုင်းမြို့တွေမှာ ရေကြီးနေပြီး ရေယာဉ်တွေ ကမ်းကပ်ရပ်တန့်ဖို့ အခက်အခဲရှိတာကြောင့် အခုလို ယာယီရပ်နားလိုက်တာ ဖြစ်တယ်လို့ ငွေစင်ဦး ရေယာဉ်အသင်း တာဝန်ခံ ဦးသောင်းညွန့်က ပြောပါတယ်။

“အခုက ယာယီပါ။ ဆိုင်းဘုတ်လည်း ထောင်ထားပေးပါတယ်။ ယာယီလေး ၃၊ ၄ ရက်ပိတ်တာပါ။ အထက်မြို့တွေမှာ ရေကြီးလို့ ကမ်းပါးတွေကအစ ကပ်လို့ မရပါဘူး။ လမ်းတက်လမ်းဆင်း ခရီးသည်တွေကလည်း အတင်အချမလွယ်ပါဘူး။ ဒါကြောင့် ပိတ်လိုက်ပါတယ်။”

ရေယာဉ်အသင်းတာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတွေ အစည်းအဝေးခေါ်ယူပြီး၊ သက်ဆိုင်ရာတိုင်း အုပ်ချုပ်ရေး အဖွဲ့ထံတင်ပြပြီးမှ အခုလို ယာယီပိတ်ဖို့ ဆုံးဖြတ်ချက်ချမှတ် ကြေညာခဲ့တာလို့ ပြောပါတယ်။ အစိုးရသင်္ဘောကြီးတွေကတော့ တနေ့ ၁ စီး ပုံမှန်ပြေးဆွဲနေပါတယ်။

အခုလို မိုးတွင်းမှာ စစ်ကိုင်းတိုင်း အထက်ပိုင်းမြို့တွေဖြစ်တဲ့ ဟုမ္မလင်း၊ ကလေးဝ၊ မော်လိုက်စတဲ့ မြို့နေ ပြည်သူတွေဟာ ဒီချင်းတွင်းမြစ်ကြောင်းသွား ခရီးသည်တင် ရေယာဉ်လေးတွေကိုပဲ အားထားပြီး ခရီးသွားနေကြရတာပါ။

အရင်နှစ်ကလဲ အခုလိုပဲ ယာယီ ၂ ကြိမ်လောက် ရပ်နားခဲ့ရဖူးတယ်လို့ စုံစမ်းသိရှိရပါတယ်။

အခု ချင်းတွင်းမြစ်ကြောင်းသွား ခရီးသည်တင်ရေယာဉ်တွေ ယာယီ ရပ်နားတာဟာ ပြီးခဲ့တဲ့အပတ်ထဲ ဗန်းမော်ရှပ်ပြေး ရေယာဉ်နစ်မြုပ်တာနဲ့ ပတ်သက်ခြင်း မရှိဘူးလို့လည်း ရေယာဉ်အသင်းတာဝန်ခံက ပြောပါတယ်။

ချင်းတွင်းမြစ်ကြောင်းမှာ ငွေစင်ဦး၊ ရွှေနဒီ၊ သီဟထွန်းစတဲ့ ခရီးသည်တင် ရေယာဉ်အသင်းတွေက ပြေးဆွဲခုတ်မောင်းပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013