DVB Logo
Home
မြန်မာသတင်း
ဟားခါးအနီးဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်
DVB
·
July 30, 2012
Donate to DVB

ဇူလိုင် ၂၉ ရက် မနက်ပိုင်းမှာ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တခုလှုပ်သွားပါတယ်။

ဒီငလျင်နဲ့ ပတ်သက်ပြီး မိုးလေ၀သဌာန တာဝန်ကျဝန်ထမ်းတဦးက သတင်းထုတ်ပြန်ချက်ကို ခုလို ဖတ်ပြပါတယ်။

“မြေငလျင်သတင်း။ မြန်မာစံတော်ချိန် ၉ နာရီအချိန် ထုတ်ပြန်ချက်။ ၂၀၁၂ ဇူလိုင် ၂၉ ရက်နေ့ မြန်မာစံတော်ချိန် ၈ နာရီ ၅၁ မိနစ် ၃၀ စက္ကန့် မန္တလေး မြေငလျင် စခန်းမှ အနောက်မြောက်ဘက် ၁၃၅ မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ဟားခါးမြို့အရှေ့တောင်ဘက် ၁၄ မိုင်ခန့်အကွာကို ဗဟိုပြု၍  ပြင်းအား ရစ်ချက်တာစကေး ၅.၈ အဆင့်ရှိ အင်အား အသင့်အတင် ရှိသော မြေငလျင်တခု လှုပ်ရှားသွားကြောင်း တိုင်းထွာချက်ရှိရသည်။”

ဒီငလျင်လှုပ်သွားတာကို စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲက မြို့တွေမှာ ခံစား သိရှိလိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်း ကလေးမြို့ခံတဦးက “ကျမအိမ်ရှေ့မှာ ထိုင်နေတုန်းပဲ လှုပ်သွားတာ အရှေ့ကနေ အနောက်ကို လှုပ်တာ၊ အိမ်ထဲကနေ ကျွိကျွိ ကျွိကျွိနဲ့မြည်လာတယ်။ အိမ်ရှေ့က ရေကန်ဆိုလည်း ဘောင်ဘင်တွေခတ်နေတာပဲ။ အဲဒါနဲ့ ငလျင်လှုပ်ပြီဆိုပြီး အိပ်ခန်းထဲက ကလေးတွေပါခေါ်ပြီး အပြင်ပြေးထွက်ရတာ။ ထိုင်နေတုန်းလှုပ်တာဆိုတော့ ခေါင်းတွေလည်းမူးတယ်၊ လှုပ်တာက ခဏပါပဲ အရှေ့ကနေ အနောက် ခပ်ကြမ်းကြမ်းလေး လှုပ်သွားတာမျိုး။ ၂ ချက် ၃ ချက်လောက်လှုပ်ပြီး နည်းနည်းတော့ တုန်သွားတာပေါ့။ ချက်ချင်းကြီးတော့ ရပ်သွားတာမျိုး မဟုတ်ဘူး” လို့ ပြောပါတယ်။

သူတို့မြို့မှာ အပျက်အစီး မရှိဘူးလို့လည်း ဆိုပါတယ်။

ရွှေဘိုမြို့ခံတဦးကလည်း “၃ ခါလောက်လှုပ်တယ်။ တခါကတော့ သိသိသာသာကိုလှုပ်ပြီး ယိမ်းထိုးသွားတယ်”လို့ ပြောပါတယ်။ သူတို့ဘက်မှာလဲ ပြိုတာလဲတာ ပျက်စီးတာ မကြားရဘူးလို့လဲ ပြောပါတယ်။

ဒီငလျင် လှုပ်တာဟာ ငလျင်ပညာရှင်တွေ ပြောပြောနေတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောနဲ့ ဆက်စပ်မှု ရှိပါသလား။ မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကတော့ သူ့အမြင်ကို အခုလို ပြောပြပါတယ်။

“ဒီပတ်ဝန်းကျင်မှာ နည်းနည်းလှုပ်တာများသွားတော့ စစ်ကိုင်းပြတ်ရွေ့ကတော့ အမြဲတမ်း သတိထားရမှာပါ။ မြန်မာနိုင်ငံမှာ ရှိတဲ့ ပညာရှင်တွေကလည်း စစ်ကိုင်းပြတ်ရွေ့ကိုတော့ အမြဲစိုးရိမ်တယ်။ လှုပ်ဖို့ရာအလားအလာရှိတယ်။ လှုပ်ချိန်လည်း တန်နေပြီပေါ့။ ဒါပေမယ့် ကျနော့်ရဲ့ သီအိုရီတခုကတော့ ငလျင်သေးသေးလေးတွေ များများလှုပ်လေ ငလျင်ကြီး လှုပ်ဖို့ အလားအလာ နည်းလေ ဆိုတဲ့ သဘောတရားတခုကတော့ ကျနော်က ခံယူထားတော့ ငလျင်သေးသေးလေးတွေ လှုပ်တော့ အမှန်အတိုင်းပြောရရင် ကျနော်က ပျော်တောင်ပျော်တယ်။ အပျက်အစီးမရှိဘဲနဲ့ ဖိအားတွေ၊ accumulation တွေ လျော့သွားတယ်။ ငလျင်ကြီးလှုပ်ဖို့ အလားအလာ နည်းသွားစေနိုင်တယ်ဆိုတဲ့ အတွေးမျိုး ရှိပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013