DVB Logo
Home
မြန်မာသတင်း
ကာလကြာရှည် ဂျာနယ်ထုတ်ဝေခွင့် ပိတ်ထားသည့်အပေါ် ကြေညာချက်ထုတ်
DVB
·
July 29, 2012
ကာလကြာရှည် ဂျာနယ်ထုတ်ဝေခွင့် ပိတ်ထားသည့်အပေါ် ကြေညာချက်ထုတ်
Donate to DVB

လျှပ်တစ်ပြက်ဂျာနယ်ထုတ်ဝေခွင့် ကာလကြာရှည်ပိတ်ထားတာနဲ့ ပတ်သက်ပြီး  မြန်မာစာနယ်ဇင်း သမဂ္ဂ ဖြစ်မြောက်ရေးကော်မတီက သဘောထားကြေညာချက် တစောင် မနေ့က ထုတ်ပြန်လိုက် ပါတယ်။

 

တိကျရှင်းလင်းတဲ့ ထုတ်ပြန်အသိပေးတာမျိုး မရှိဘဲ ဂျာနယ်ထုတ်ဝေခွင့် အကြာကြီး ပိတ်ထားတာဟာ လက်ရှိခေတ်စနစ်နဲ့ လိုက်လျောညီထွေ မရှိဘူးဆိုပြီး မြန်မာစာနယ်ဇင်း သမဂ္ဂဖြစ်မြောက်ရေး ကော်မတီက ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်လိုက်တာပါ။

ကော်မတီဦးဆောင်အဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုဇော်သက်ထွေးက “ဘယ်လို သတင်းမျိုး ကို ရေးသားဖော်ပြရင် ဂျာနယ်ကို ၁ လပိတ်တယ်။ ဒါမှမဟုတ် နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက် လုံခြုံရေးကို ပေါက်ကြားရင် ၆ လ ပိတ်တယ်။ အဲလိုမျိုး ကြိုတင် စည်းကမ်းသတ်မှတ်ချက်မျိုးကို ဆိုလိုတာပါ။ ဒီလို စည်းကမ်း သတ်မှတ်ချက်မျိုး မရှိဘဲ ဘယ်လိုအမှားမျိုးကို ကျူးလွန်ရင် အုပ်ချုပ်သူ ဘက်ကနေ ဒါကို ကြိုက်သလို ကိုင်ပြီးတော့ ပြစ်ဒဏ်ကို လိုသလို တိုးလို့လည်းရတယ်၊ ချုပ်လို့လည်း ရတယ်ဆိုသလို အသွင်ဆောင်ပါတယ်။ ဒါဟာ ဒီမိုကရက်တစ် အကူးအပြောင်းကို သွားနေတဲ့ လမ်းခရီးမှာ အနှောင့်အယှက် အတားအဆီး ဖြစ်စေ နိုင်ပါတယ်။ ဒါကြောင့် ကြေညာချက်ထုတ်ပြန်ပြီး ကန့်ကွက်တောင်းဆိုရခြင်း ဖြစ်ပါတယ်။”

လျှပ်တစ်ပြက်ဂျာနယ်ထုတ်ဝေခွင့် ပိတ်ပင်ထားတာ ရက်သတ္တပတ် ၇ ပတ် ကြာခဲ့ပြီ ဖြစ်ပါတယ်။ ပိတ်တုန်းက ပြန်ကြားရေးဝန်ကြီးဌာနက ပိတ်လိုက်တာဖြစ်ပြီး၊ ပြန်ပြီး ထုတ်ဝေခွင့်ပြုတဲ့ အခါမှာလည်း ပြန်ကြားရေးကပဲ လုပ်ဆောင်လိမ့်မယ်လို့ ထင်မှတ်ထားပေမယ့် အခုတော့ နိုင်ငံတော်သမ္မတရုံး ခွင့်ပြုချက် မကျသေးလို့ဆိုပြီး စာပေစိစစ်ရေးက ပြောနေကြောင်း၊ ဒီအတွက် မေးခွန်းထုတ်စရာဖြစ်နေပုံကိုလည်း ကိုဇော်သက်ထွေးက အခုလို ပြောပါတယ်။

“အားလုံးက သမ္မတရုံးကိုပဲ ဦးတည်ပြီးတော့ သမ္မတရဲ့ ဆုံးဖြတ်ချက်ကိုပဲ အရာရာ နာခံနေရတဲ့ အခါကျတော့ ပြီးခဲ့တဲ့ နှစ် ၂၀ မှာ ဒီလိုမျိုး စီမံအုပ်ချုပ်မှုတွေကြောင့် ဖွံ့ဖြိုးမှု နောက်ကျခဲ့ရတယ်။ အခုလည်း ဗဟိုဆုံးဖြတ်ချက်တခုတည်းကို အခြေတည်ပြီးတော့ လှုပ်ရှားဆောင်ရွက်နေရတဲ့ အုပ်ချုပ်မှု ပုံစံကိုပဲ တွေ့နေရပါသေးတယ်။ ဒါဟာ ပြုပြင်ပြောင်းလဲမှု ပုံစံမှာ ရှိနေရသေးတယ်ဆိုတဲ့ စကားရပ်အပေါ်မှာ အများကြီး မေးခွန်းထုတ်စရာ ရှိပါတယ်။”

ဂျာနယ်ကို ကာလကြာရှည် ပိတ်ထားတာနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေးကော်မတီဝင် သီပေါလွှတ်တော် အမတ် ဦးရဲထွန်းက အခုလို မှတ်ချက်ပေး ပြောဆိုပါတယ်။

“တရားစွဲတယ်ဆိုတာကလည်း စွဲထားပြီးရင်တော့ တရားရုံးရဲ့အဆုံးအဖြတ် ကိစ္စပဲပေါ့။ ကျနော့်အမြင်ကတော့ သူ့ရဲ့ သတင်းထုတ်ဝေခွင့်ကတော့ ဆက်ရှိနေသင့်တယ်လို့ ထင်တယ်။ အခုလို ပိတ်ထားတယ်ဆိုတာကတော့ တရားရုံးကလည်း ဘာမှပြစ်ဒဏ်မချရသေးဘဲနဲ့ ပြစ်ဒဏ်ပေးထားသလိုဖြစ်နေတယ်။ ဒါတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်လေ။”

လျှပ်တစ်ပြက်ဂျာနယ်၊ အတွဲ-၃၊ အမှတ်-၉၁၊ စာမျက်နှာ-၈ မှာ ဖော်ပြခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်နီမော် က မသီတာထွေးဓာတ်ပုံဖော်ပြမှုနဲ့ ဂျာနယ်ထုတ်ဝေခွင့် ၁ လပိတ်ခံခဲ့ရပြီး၊ ဂျာနယ်အယ်ဒီတာချုပ် ကိုလည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပုဒ်မ ၅၀၀ (ခ)(ဂ)နဲ့ ပုဇွန်တောင် တရားရုံးမှာ တရားစွဲဆို ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013