လျှပ်စစ်အန္တရာယ်ကင်းရေး ဆောင်ရွက်ရန် တက္ကသိုလ်ကျောင်းသားများ တောင်းဆို
သူဇာလင်း
·
August 14, 2018

လျှပ်စစ်အန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှုတွေ ထပ်ပြီးမဖြစ်အောင် ဆာင်ရွက်ပေးဖို့ တက္ကသိုလ်ပေါင်းစုံက ကျောင်းသေူ၊ ကျောင်းသားတွေက လက်မှတ်ရေးထိုးပြီး အစိုးရကို တောင်းဆိုလိုက်ပါတယ်။
ဆေးတက္ကသိုလ် ၂၊ ရန်ကုန် ကွန်ပျူတာတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နဲ့ ရန်ကုန်သူနာပြုတက္ကသိုလ်က ကျောင်းသားတွေရဲ့ လက်မှတ် ၄၅၀၀နဲ့ အစိုးရအနေနဲ့ လျှပ်စစ်ပြဿနာတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ တောင်းဆိုလိုက်တာပါ။
သြဂုတ် ၇ ရက်ကစပြီး ရန်ုကုန်တိုင်း လျှပ်စစ်စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးနဲ့ ရန်ကုန်တိုင်း လွှတ်တော်ကို စာတင်ထားတာဖြစ်ပြီး ၁၅ ရက်အတွင်း ပြန်လည်အကြောင်းကြားဖို့အတွက် တောင်းခံထားတယ်လို့ No Electric Shock Campaing ဦးဆောင်သူတွေက ဒီကနေ့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပြောပါတယ်။
ကျောင်းသား ကျောင်းသူတွေရဲ့သဘောထား လက်မှတ်တွေကို ဇူလိုင်လ ၂၇ ရက်နေ့ ကစပြီး ကောက်ခံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေထဲမှာ လျှပ်စစ်အန္တရာယ်တွေ ရင်ဆိုင်ကြုံတွေ့တဲ့အခါမှာ ထိုက်တန်တဲ့ တရားမျှတမှုတွေ ရရှိဖို့အတွက် ဝန်ကြီးဌာနတွေအနေနဲ့ စုံစမ်းစစ်ဆေး အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့၊ လျှပ်စစ်အန္တရာယ်တွေကြောင့် အသက်ဆုံးရှုံးမှုတွေ ကြုံတဲ့အခါမှာ ဝန်ကြီးဌာတွေနေနဲ့ ပြည်သူတွေ ကျေနပ်လောက်တဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေ လုပ်ဆောင်ပေးဖို့ပါဝင်ပါတယ်။
ဒါ့အပြင်လျှပ်စစ်အန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှုတွေ ထပ်ပြီးမဖြစ်အောင် အများပြည်သူတွေ အသုံးပြုနေတဲ့ နေရာတွေ ဖြစ်တဲ့ အဆောက်အဦ၊ ကစားကွင်းနဲ့ ပန်းခြံ စတဲ့ နေရာတွေမှာ လျှပ်စစ်နဲ့ပတ်သက်ပြီး အန္တရာယ်ကင်းကြောင်း၊ အာမခံမှု၊ အရည်အသွေးပြည့်ဝမှု လုံခြုံမှုရှိဖို့အတွက် စစ်ဆေးမှုတွေ ပုံမှန်လုပ်ဆောင်ပေးဖို့လညး ကျောင်းသားတွေက တိုက်တွန်း ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ဆေးတက္ကသိုလ် ၂ နောက်ဆုံးနှစ် အပိုင်း(ခ) ကျောင်းသား ကိုထွဋ်မျိုးလွင်ဟာ ကုက္ကိုင်းတံတားအောက်က ဘတ်စကတ်ဘော အားကစားရုံမှာ သံဆန်ခါကို ကိုင်မိပြီး ဓာတ်လိုက်သေဆုံးခဲ့သလို တောင်ဥက္ကလာပ၊ သံသုမာလမ်းပေါ်မှာလည်း အသက် ၁၃ နှစ်အရွယ် ကျောင်းသားလေးတဦး ရေထဲရှိ ဓာတ်ကြိုးကို နင်းဖြတ်မိရာက အသက်ဆုံးရှုံးခဲ့ရပါတယ်။