DVB Logo
Home
မြန်မာသတင်း
ဟင်္သာတတွင် ကရင့်အာဇာနည်နေ့ ဦးဆောင်ကျင်းပသူ ၅ ဦး တရားစွဲခံရ
DVB
·
August 14, 2018
ဟင်္သာတတွင် ကရင့်အာဇာနည်နေ့ ဦးဆောင်ကျင်းပသူ ၅ ဦး တရားစွဲခံရ
Donate to DVB

ကရင့်အာဇာနည်နေ့ အခမ်းအနားကို တားမြစ်တဲ့ကြားက ဆက်လက်ကျင်းပခဲ့လို့ ဦးဆောင်သူ ကရင်ပြည်သူ့ပါတီက ဦးကျော်ကြီး၊ ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင် အပါအဝင် ၅ ဦးကို ဟင်္သာတမြို့နယ် ရဲစခန်းက တရားစွဲဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်နေ့က ကျရောက်တဲ့ ၆၈ နှစ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းမှတ် အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှာ ကျင်းပရာမှာ အာဏာပိုင်တွေက တားမြစ်ခဲ့တာပါ။

မြို့နယ်မှူးက ကရင့်အာဇာနည်နေ့ ဆိုတဲ့ ဆိုင်းဘုတ်ကို ဖြုတ်ပေးဖို့ ပြောဆိုခဲ့ရာမှာ မဖြုတ်ပေးနိုင်ကြောင်း ပြောဆိုခဲ့လို့ တရားစွဲဆိုတာလို့ ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

“အကြောင်းကြားစာတော့ မရသေးဘူး။ သူတို့က ဟင်္သာတက ကျင်းပတဲ့ လူကြီးတွေကို မြို့နယ်ရုံးကနေ ခေါ်ပြီးတော့ အခုလို တရားစွဲမယ်ဆိုပြီးတော့ အဲလို ပြောလိုက်တယ်လေ။ ဆင့်စာတော့ မရောက်သေးဘူး။  ပုဒ်မ ၂၆ က တားမြစ်တဲ့ဟာကို မလိုက်နာတဲ့ ဟာပေါ့နော်။ ခွင့်ပြုချက်မရဘဲနဲ့ လုပ်တဲ့ဟာမျိုးပေါ့နော်။ ”

အခုလို ကရင့်အာဇာနည်နေ့ ကျင်းပတားမြစ်တာနဲ့ တရားစွဲဆိုတာဟာ လူမျိုးတမျိုးရဲ့ ဂုဏ်သိက္ခာကို နင်းခြေဖျက်ဆီးတာ ဖြစ်တယ်လို့လည်း ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

“ကရင်အာဇာနည်နေ့ ဆိုတာ လူမျိုးတိုင်း၊ လူမျိုးတိုင်းမှာ သူ့အထွတ်အမြတ် အလေးအနက်ထားတဲ့ နေ့တွေ ရှိတယ်လေ။ ကျနော်တို့ ဗမာပြည်မှာ လွတ်လပ်ရေးနေ့တို့လို၊ ပြည်ထောင်စုနေ့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးတဲ့အာဇာနည်နေ့ ဒါ နိုင်ငံတော်က အသိအမှတ်ပြုထားတဲ့ လူမျိုးအရ အထွတ်အမြတ်ထားတာ။ အဲလို ကျန်တဲ့လူမျိုးတွေမှာလည်း အဲလို ရှိတာပေါ့နော်။ ကျနော်တို့ကို ဒီလိုမျိုးလုပ်တဲ့အတွက် ဒါက လူမျိုးတမျိုးရဲ့ ဂုဏ်သိက္ခာကို နင်းခြေဖျက်ဆီးတာနဲ့ အတူတူပဲလေ။ အဲဒီခါကျတော့ တမျိုးသားလုံးအပေါ်မှာ မကောင်းဘူးပေါ့နော်။”

ကရင့်အာဇာနည်နေ့အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ကျင်းပခဲ့ပြီး ရန်ကုန်နဲ့ င်္ဟသာတက အခမ်းအနားကို အာဏာပိုင်တွေက တားမြစ်ခဲ့တာဖြစ်ပါတယ်။

၁၉၅၀ ပြည့်နှစ် သြဂုတ် ၁၂ ရက်မှာ ကေအန်ယူ ဥက္ကဋ္ဌ စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေနဲ့ အဖွဲ့ဟာ တော်လှန်ရေးတာဝန် ထမ်းဆောင်နေရင်း နဘူးမြို့နယ် ထို့ကော်ကိုးကျေးရွာအနီး လယ်တဲတခုမှာ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရပါတယ်။

အဲ့ဒီနေ့ကို အစွဲပြုပြီး ကရင့်အမျိုးသားအာဇာနည်နေ့ ဖြစ်ပေါ်လာတာဖြစ်ပြီး ကရင်လူမျိုး အများစုနေထိုင်ရာ ဒေသတွေမှာတော့ အဲဒီနေ့တနေ့လုံး အစားမစားဘဲ ကရင့်အာဇာနည်နေ့ကို အလေးအနက် အထိမ်းအမှတ်ပြု ကျင်းပလေ့ရှိပါတယ်။

ကရင်အမျိုးသားအစည်းအရုံးဟာ ၂၀၁၂ ခုနှစ်က အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးရယူပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ)မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပါ တယ်။ အပစ်ခတ်ရပ်ပြီးနောက်ပိုင်း မတရားသင်းကနေ ဖယ်ဖျက်ကြောင်း အစိုးရက ကြေညာခဲ့ပြီး အဖွဲ့ဝင်တွေအနေနဲ့လည်း ကရင်အမျိုးသားရှိတဲ့နေရာတွေမှာ လွတ်လပ်စွာ သွားလာနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013