DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုနှင့် ထူးကဲဒီရေကြောင့် ပျက်စီးဆုံးရှုံးမှုများရှိ
DVB
·
August 14, 2018
ရေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုနှင့် ထူးကဲဒီရေကြောင့် ပျက်စီးဆုံးရှုံးမှုများရှိ
1 / 3
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ သြဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုနဲ့ ထူးကဲဒီရေတက်မှုကြောင့် ပင်လယ်ကမ်းစပ်ဒေသတွေ ဖြစ်တဲ့ ရေးမြို့နယ်အနောက်ပိုင်း ကျေးရွာတွေနဲ့ တောင်ပိုင်းကျေးရွာတွေမှာ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။

ထူးကဲဒီရေတက်မှုကြောင့် ရေးမြို့နယ်၊ မကျီးချောင်းဝနဲ့ ရင်းဒိန်းဝကျေးရွာတွေမှာ နေအိမ် ၆ လုံး မျောပါသွားခဲ့ပြီး ကော့လှိုင်ကျေးရွာတွင် စေတီတော်တဆူရဲ့ ထီးတော် တိမ်းစောင်းခဲ့ခြင်း အပါအဝင် နေအိမ် ၄ လုံး၊ ဇီးဖြူသောင်ကျေးရွာတွင် နေအိမ် ၂ လုံး ပျက်စီးမှု ဖြစ်ပေါ်ခဲ့တာပါ။

ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက “မနေ့ညကတည်းက ကြေးနန်းတွေကိုတော့ တင်ပြထားပြီးပြီ။ ဇီးဖြူသောင် ကမ်းနားတန်းဘက်ကကို မနေခိုင်းဘဲ ရွှေ့ခိုင်းထားတယ်၊ မကျီးချောင်းဝဘက်ကိုလည်း ကမ်းနားဘက်ကနေ ရွှေ့ခိုင်းထားတယ်။ လိုအပ်တဲ့ စောင့်ရှောက်မှုတွေ ဆောင်ရွက်ထားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် အံဒင်ကျေးရွာအုပ်စု ငါးမျှားစခန်း (ဓမင်းဆိပ်)ကျေးရွာတွင်လည်း အဲဒီနေ့ညနေ ထူးကဲဒီရေမြင့်တက်လာမှုကြောင့် ကမ်းခြေအနီး လှေပိုင်ရှင်တွေ ဆောက်လုပ်ထားတဲ့ ငါးလှမ်းစင် ၂၀ ပင်လယ်ထဲ မျောပါခဲ့ပြီး ငွေကျပ်သိန်း ၈၀၀ ကျော် အပါအဝင် ယမန်နေ့ လေပြင်းတိုက်ခတ်မှုနဲ့ ထူးကဲဒီရေတက်မှုတွေကြောင့် ဆုံးရှုံးမှုမှာ ကျပ်သိန်း ၉၀၀ နီးပါးခန့် ရှိခဲ့ပါတယ်။

လူနဲ့ တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိခဲ့ဘဲ နေအိမ်ပျက်စီးမှုတွေကြောင့် ထိခိုက်ပျက်စီးခြင်း ခံရသူ ၄၀ ဦးအတွက် လတ်တလောအနေနဲ့ နီးစပ်ရာဆွေမျိုးတွေရဲ့ အိမ်မှာ ပြောင်းရွှေ့ထားပေးကြောင်း ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။

သတင်း - ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013