DVB Logo
Home
မြန်မာသတင်း
တရားမ၀င် သစ်ခိုးထုတ်လုပ်မှုများကို ထိထိရောက်ရောက် မတားဆီးနိုင်သေး
DVB
·
August 14, 2018
တရားမ၀င် သစ်ခိုးထုတ်လုပ်မှုများကို ထိထိရောက်ရောက် မတားဆီးနိုင်သေး
Donate to DVB

တရားမဝင်သစ်နဲ့ သစ်တောထွက်ပစ္စည်းတွေ နည်းမျိုးစုံနဲ့ ခိုးယူထုတ်လုပ်တွေ ရှိနေပေမယ့် ထိရောက်တဲ့ ကာကွယ်တားဆီးမှုမျိုးတွေကိုတော့ မလုပ်ဆောင်နိုင်သေးဘူးလို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးက ပြောပါတယ်။

သြဂုတ်လ ၁၃ ရက်က နေပြည်တော်ရှိ သစ်တောဦးစီးဌာနရုံးမှာပြုလုပ်တဲ့ သစ်တောကဏ္ဍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအလုပ်ရုံဆွေးနွေးပွဲမှာ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက အခုလို ပြောဆိုခဲ့တာပါ။

“တရားဝင် ဖမ်းဆီးတာနဲ့ပတ်သက်ပြီးတော့ ပြည်သူ့အခြေပြု စောင့်ကြည့် သတင်းပို့ခြင်း စနစ်နဲ့ ကျင့်သုံးခြင်းအားဖြင့်  ပြည်သူများပါ ပူးပေါင်းပါဝင်မှု တိုးတက်အောင် ကျနော်တို့ ကြိုးစား ဆောင်ရွက်နေပါတယ်။ ဒါပေမယ့် တရားဝင် စစ်ဆေးဆောင်ရွက်မှုတွေကို အထိုက်အလျောက်သာ ထိန်းချုပ်နိုင်သေးတဲ့အတွက်ကြောင့် လိုအပ်ချက်များရှိနေဆဲဖြစ်ကြောင်း သုံးသပ်ရပါတယ်။ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဂတိလိုက်စားမှုဟာ အတားအဆီးတရပ်သဖွယ် ဖြစ်နေတဲ့အတွက်ကြောင့် သစ်တောကဏ္ဍဘက်ကလည်း အဂတိလိုက်စားမှု လျော့နည်း ပပျောက်ရေးကို လျော့နည်းရာကနေ ပပျောက်တဲ့အထိ ကြိုးစားဆောင်ရွက်သွားဖို့ လိုအပ်တဲ့ အတွက် ဒီနေ့ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရတာ ဖြစ်ပါတယ်။”

ဆွေးနွေးပွဲမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ၊ သစ်တောကဏ္ဍနဲ့ သက်ဆိုင်တဲ့ တရားစီရင်ရေးဆိုင်ရာတွေ၊ တရားစွဲဆိုမှုဆိုင်ရာတွေရဲ့ သိသင့်သိထိုက်တာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် တရားမဝင် သစ်ဖမ်းဆီးမှု၊ အရေးယူမှု၊ အဂတိလိုက်စားမှုနဲ့ ဆက်နွှယ် ပတ်သက်မှု၊ သစ်တောနယ်မြေအတွင်း အခြားမြေအသုံးချမှုတွေ စိစစ်ခွင့်ပြုမှုနဲ့ သစ်တော ဦးစီးဌာနရဲ့ လုပ်ထုံးလုပ်နည်းဥပဒေ ညွှန်ကြားချက်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဝန်ထမ်းတွေကို အဂတိလိုက်စားမှုတွေ အပါအဝင် ဝန်ထမ်း စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုတွေအပေါ် အရေးယူ ဆောင်ရွက်ထားတဲ့အပိုင်းကို သစ်တောဦးစီးဌာန၊ စီမံရေး ခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက အခုလို ရှင်းပြပါတယ်။

“အမှုအမျိုးအစားလိုက် ပြောရမယ်ဆိုရင် ခွင့်မဲ့ပျက်ကွက်တာ ရှိတယ်။ ဝန်ထမ်းစည်းကမ်း ဖောက်ဖျက်တာ ရှိတယ်။ တာဝန်ကို ပေါ့လျော့စွာ ထမ်းဆောင်တာ ရှိတယ်။ တရားမဝင် သစ်ဖမ်းဆီးမှု အားနည်းတာ ရှိတယ်။ စိုက်ခင်း မအောင်မြင်တာနဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စ တွေ ပါဝင်ပါတယ်။ အများဆုံးကတော့ တာဝန်ကို ပေါ့လျော့စွာ ထမ်းဆောင်တဲ့အတွက်ကြောင့် မို့ အရေးယူခံရတာ များပါတယ်။ ဒုတိယအများဆုံးကတော့ တရားမဝင် သစ်ဖမ်းဆီးတာနဲ့ ဆက်စပ်တဲ့ ကိစ္စတွေမှာ ဖြစ်ပါတယ်။ အများဆုံး အရေးယူခံရတဲ့ ဝန်ထမ်းအဆင့်ကတော့ တောအုပ်အဆင့် ဖြစ်ပါတယ်။ အရေးယူခံရမှု ဖြစ်စဉ်ရဲ့ ၃၅ ရာခိုင်နှုန်းက အဲဒီအဆင့် ဖြစ်ပါတယ်။ ဒုတိယအများဆုံးကတော့ တောခေါင်းအဆင့်ပါ။ ၃၄ ရာခိုင်နှုန်းလောက် ရှိပါတယ်။”

သစ်တောဦးစီးဌာနမှာ သစ်တောလုပ်ငန်း လုပ်ဆောင်နေတဲ့ ဝန်ထမ်းဟာ ၅၃၃၆ ဦးရှိပြီး ဝန်ထမ်းတဦးကို ပျမ်းမျှ သစ်တောနယ်မြေဧက ၈၈၀၀ ကျော်ကို တာဝန်ယူ ထိန်းသိမ်း နေရတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှု ဧရိယာဟာဆိုရင် ၂၀၁၅ ခုနှစ်က ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း ဧကအနေနဲ့ ၇၂ သန်းရှိခဲ့တယ်လို့ Forest Resource Assessment (FAO) ရဲ့ ၅ နှစ် တကြိမ် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီထဲက ဧက ၄၇ သန်းကျော်ကတော့ သစ်တောဦးစီးဌာနရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောနဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေတွေ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013