DVB Logo
Home
Lead Story
မင်းအောင်လှိုင်အား သမ္မတအဖြစ် တင်မြှောက်ရန် လုပ်ဆောင်မှုကို အာဆီယံ လွှတ်တော်အမတ်များ ရှုတ်ချ
DVB
·
April 1, 2026
Photo: DSINFO
Photo: DSINFO
Donate to DVB

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်ဖို့ စစ်အုပ်စုက လုပ်ဆောင်နေတာတွေကို အာဆီယံလွှတ်တော်အမတ်တွေက ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

မင်းအောင်လှိုင်ကို ကာကွယ်ရေးဦးစီးချုပ်အဖြစ်ကနေ အနားယူစေပြီး စစ်တပ် ထိန်းချုပ်ထားတဲ့ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုနဲ့ ဒုတိယသမ္မတအဖြစ် ခန့်အပ်ကာ သူ့ကို သမ္မတဖြစ်လာစေဖို့ စနစ်တကျကြိုတင်စီစဉ်ထားတဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်အပေါ် အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ရှုတ်ချကြောင်း မတ် ၃၁ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ၊ မတရားဖမ်းဆီးချုပ်နှောင်မှုတွေ၊ အရပ်သားလူထုအပေါ် လေကြောင်းက တိုက်ခိုက်မှုတွေ၊ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုတွေ အပါအဝင် တိုင်းရင်းသားတွေနဲ့ ဘာသာရေးလူနည်းစုတွေအပေါ် စနစ်တကျ ဖိနှိပ်ညှဉ်းပန်းမှုတွေကို ကြီးကြပ် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

သူသမ္မတရာထူး ရယူလိုက်တာက ပြည်သူတွေကို အတိဒုက္ခပေးနေတဲ့ လက်ရှိ အကြမ်းဖက်စနစ်ကို ပုံစံပြောင်းကာ တရားဝင်ဖြစ်အောင် လုပ်ဆောင်ခြင်းသာ ဖြစ်ပြီး အဲဒီစနစ်ဆိုးက လူမှုအသိုက်အဝန်းကြား အကွဲအပြဲတွေကို ပိုမိုနက်ရှိုင်းစေခဲ့သလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတို့ကိုလည်းအကြီးအကျယ် ပျက်စီးဆုံးရှုံးစေခဲ့ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာကို နှိပ်စက်ညှဉ်းပန်းခဲ့ပြီး စစ်ကြောရေးစခန်းတွေကို ဦးစီးခဲ့သူ၊ မင်းအောင်လှိုင်ရဲ့ သစ္စာခံမဟာမိတ်ဖြစ်သူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ကာကွယ်ရေး ဦးစီးချုပ်အသစ်အဖြစ် ခန့်အပ်လိုက်ပြီး သူ့ရဲ ကွပ်ကဲမှုနဲ့ စစ်တပ်ဟာ မင်းအောင်လှိုင်နဲ့အတူ တသားတည်းရှိနေမှာဖြစ်ကာ သမ္မတရာထူးနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် လွှမ်းမိုးမှုကို အခိုင်အမာဖြစ်စေပြီး ဖိနှိပ်မှုနဲ့ ပြစ်ဒဏ်ခင်းလွတ်ခွင့်ရရှိနေမှုတွေကို ဆက်လက် ရှင်သန်စေမယ်လို့လည်း ဆိုပါ တယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲမှုတွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးရမှုတွေကြားထဲ ကျင်းပခဲ့တဲ့ မကြာသေးမီက ရွေးကောက်ပွဲတွေ၊ သူတို့ရဲ့ ကြိုတင်စီစဉ်ထားတဲ့ ရလဒ်တွေက အခြေခံအားဖြင့် တရားမဝင်ကြောင်းနဲ့ ဒါက မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်ခြင်းမရှိဘဲ တာဝန်ယူမှု၊ တာဝန်ခံမှုတွေက ရှောင်လွှဲနိုင်ဖို့နဲ့ အာဏာတည်မြဲစေဖို့ စစ်ကောင်စီရဲ့ ထပ်မံကြိုးပမ်းမှုသာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

APHR အနေနဲ့ မိမိတို့ လူ့အဖွဲ့အစည်းတွေကို ကာကွယ်ရင်း လူ့အခွင့်အရေးကို မြှင့်တင်ကာ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ရှေ့တန်းကနေ စစ်အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်နေကြတဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပြည်သူ့လှုပ်ရှားမှုတွေအပေါ်  မယိုင်လဲတဲ့ ထောက်ခံမှုကို ထပ်လောင်းအတည်ပြုကြောင်းလည်း ဖော်ပြပါတယ်။

ကုလသမဂ္ဂနဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံ အပါအဝင် အပြည်ပြည်ဆိုင်ရာလူ့အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီရဲ့ အာဏာ စုစည်းမှုကို ရှုတ်ချတာ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို လိုက်နာစေခြင်းဖြင့် မြန်မာ့ဒီမိုကရေစီအင်အားစုတွေကို ကူညီထောက်ပံ့ခြင်းနဲ့ အရေးတကြီး ပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့လည်း  တိုက်တွန်းနှိုးဆော်ထားပါတယ်။

မတ် ၃၁ ရက်မှာ လုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာတော့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို  ဒုတိယသမ္မတအဖြစ် ထောက်ခံမဲအများဆုံးနဲ့ အတည်ပြုရွေးချယ်ထားသလို အမျိုးသားလွှတ်တော်မှာတော့ ဒုတိယသမ္မတအဖြစ် ဒေါ်နန်းနီနီအေးတို့ကို ရွေးချယ်ထားပြီး ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ကတော့  ဦးညိုစောကို ဒုတိယသမ္မတအဖြစ် ရွေးချယ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
မင်းအောင်လှိုင်အား သမ္မတအဖြစ် တင်မြှောက်ရန် လုပ်ဆောင်မှုကို အာဆီယံ လွှတ်တော်အမတ်များ ရှုတ်ချ