
ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှု တနှစ်ပြည့်မြောက်ချိန် လူရာကျော် သေဆုံးခဲ့ရတဲ့ ဟိန္ဒူမိသားစုတွေ စိုးရိမ်စိတ် ရှိနေကြဆဲ ဖြစ်ပါတယ်။
ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ တနှစ်ပြည့်မြောက်ပြီးတဲ့ နောက်ပိုင်းမှာ အိုးအိမ်မဲ့ ဖြစ်နေတဲ့ ဟိန္ဒူလူဦးရေ ၁၂၀၀ ကျော်ဟာ မောင်တောမြို့ပေါ် ကယ်ဆယ်ရေးစခန်းမှာ နေထိုင်ကြရပြီး အခုအချိန်အထိ စိုးရိမ်ကြောက်လန့်နေကြဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
တိုက်ခိုက်ခံရချိန်မှာ ရွာမှာမရှိဘဲ အသက်ရှင်ကျန်ခဲ့တဲ့ ဖော်လာခ်ျက “အဲဒီအချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ရောက်ရှိခဲ့ပြီး ပိတ်မိနေခဲ့တယ်။ သက်သေအမျိုးသမီးတွေကို ပြန်လည်ခေါ်ယူတဲ့အဖွဲ့နဲ့ အဆက်အသွယ်ရပြီး နေရပ်ကို ပြန်လာခဲ့တာပါ။ သူ့မိသားစုတွေ မရှိတော့တဲ့အတွက် အခုအချိန်ထိ တုန်လှုပ်ချောက်ချားနေဆဲပဲ”လို့ ပြောပါတယ်။
မောင်တောမြို့ပေါ်နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေက ဟိန္ဒူမိသားစုတွေဟာ စိုးရိမ်မှုတွေကြောင့် စစ်တွေနဲ့ ဘူးသီးတောင်မြို့ကို လေးလကျော် တိမ်းရှောင်နေခဲ့ကြရပြီး ပြန်လာချိန်မှာ နေအိမ်တွေ မရှိတော့တဲ့အတွက် အခုလို ယာယီကယ်ဆယ်ရေးစခန်းထဲမှာ နေကြရတာပါ။
တနှစ်နီးပါး ကြာလာတဲ့အချိန်ထိ ကိုယ့်နေအိမ်တွေမှာ ပြန်လည်နေထိုင်နိုင်ဖို့ မသေချာသေးဘဲ ဖြစ်နေတယ်လို့လဲ ဒုက္ခသည်တွေက ဆိုပါတယ်။
ရှိုးလ်ဇိက“အခုထိ ဘာအလုပ်မှလည်း အတည်တကျ မရှိသေးဘူး။ သူများဆီမှာ အထမ်းသမား သွားလုပ်တဲ့အခါလည်း လုပ်တယ်။ အိမ်တွေလည်း ပျက်ကုန်ပါပြီ။ အိမ်တွေ ဆောက်ပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် ဘယ်နေရမှာလဲ ဆိုတာ အခုထိတော့ သေသေချာချာ မသိသေးပါဘူး။ ဒီနေရာမှာ ဘယ်အချိန်ထိ ဆက်နေရမယ်ဆိုတာလည်း မသိသေးဘူး” လို့ ပြောပါတယ်။
အဲဒီအပြင် အွန်လိုင်းနဲ့ လူမှုကွန်ရက်တွေကတဆင့် ဟိန္ဒူတွေကို ဦးတည်ချက်ထားပြီး တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်တာခံနေရတဲ့အတွက် စိုးရိမ်မှုတွေလည်း ပိုလာနေရတာပါ။
မောင်တောမြို့ ဟိန္ဒူလူမှုကူညီရေးအသင်း ဦးနီမောလ်က “နောက်ထပ်လည်း ခံရမလား၊ လုံခြုံရေးအပြည့်အဝနဲ့ ထားနိုင်ပါ့မလား ဆိုတာကိုလည်း ဇဝေဇဝါနဲ့ပဲ ဖြစ်နေတယ်။ အရင်က ဖြစ်သလို နောက်ထပ်လည်း ဖြစ်လာမလားလို့ သံသယဖြစ်တယ်” လို့ ပြောပါတယ်။
မောင်တောမြို့ အမှတ် ၄ ရပ်ကွက် ကွင်းပြင်မှာ ယာယီတဲတန်းတွေထိုးပြီး နေထိုင်ကြရပေမယ့် မြို့ပေါ်မှာဖြစ်တဲ့အတွက် လုံခြုံရေးအခြေအနေ စိုးရိမ်စရာ မရှိပါဘူး။ တိုက်ခိုက်မှုတွေကြောင့် လူတရာကျော် သေဆုံးခဲ့ရတဲ့ ခမောင်းဆိပ်၊ ရဲဘော်ကျ စတဲ့ ကျေးရွာတွေမှာ နေထိုင်သူတွေကတော့ ပိုပြီးစိုးရိမ်နေကြတယ်လို့ သိရပါတယ်။
အခုသြဂုတ်လ ၁၅ ရက်နေ့မှာတော့ သေဆုံးသူတွေကို ရည်စူးပြီး ဘာသာရေးအရ ဆုတောင်းပွဲတခုကို ဟိန္ဒူလူမှုကူညီရေးအသင်းက စုစည်းကျင်းပဖို့ စီစဉ်နေကြပါတယ်။











