DVB Logo
Home
မြန်မာသတင်း
ဆင်အခြေပြု ခရီးသွားလုပ်ငန်းမှ ဝင်ငွေတိုးလာ
DVB
·
August 13, 2018
ဆင်အခြေပြု ခရီးသွားလုပ်ငန်းမှ ဝင်ငွေတိုးလာ
Donate to DVB

ဆင်အခြေပြုခရီးသွားလုပ်ငန်းကို ၂၀၁၆ ခုနှစ် သြဂုတ်လ ကမ္ဘာ့ဆင်များနေ့မှာ မှော်ယောကြီး ဆင်စခန်းမှ စတင်လုပ်ဆောင်ခဲ့ရာမှာ  တနိုင်ငံလုံး အတိုင်းအတာအရ ပထမနှစ်မှာ ဝင်ငွေ သိန်း ၃၀၀ ကျော်သာ ရရှိခဲ့ပေမယ့် အခုနှစ်မှာ ဆယ်ဆ ပိုရလာပြီလို့ သိရပါတယ်။

၂၀၁၇ ခုနှစ်မှာ သိန်း တထောင်ကျော်နဲ့ အခုနှစ်မှာ သိန်း သုံးထောင်ကျော် ရရှိတဲ့အထိ တိုးတက်လာမယ်လို့ မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်လုပ်ရေး အင်အားဌာနစိတ် (ရုံးချုပ် ဒုအထွေထွေမန်နေဂျာ ဦးကျော်ထိုက်က ပြောပါတယ်။

“မြန်မာ့သစ်လုပ်ငန်းဆိုတာ တောထဲက သစ်တွေကို ခုတ်ရောင်းပြီးတော့မှ လုပ်ခဲ့တဲ့ စီးပွားရေးအဖွဲ့အစည်းတခုပေါ့။ အခု ခရီးသွားလုပ်ငန်းကနေ ရတဲ့ ဝင်ငွေကလည်း ပထမဆုံး စလုပ်တဲ့နှစ်မှာ သိန်းသုံးရာလောက် ရတယ်။ ဒုတိယနှစ်မှာ သိန်း တထောင်လောက် ရတယ်။ တတိယနှစ်မှာဆိုရင် သိန်းသုံးထောင်ကျော်ကျော်လောက် ရတယ်။ ဒီနှစ်ဆိုရင် ဒီထက်ပိုပြီး အများကြီးရဖို့ ရှိတယ်။”

မြန်မာပြည်မှာ သစ်ထုတ်လုပ်ငန်းတွေ လျော့ကျလာတာနဲ့အမျှ ရှိတဲ့ဆင်တွေနဲ့ အတူတူ သယံဇာတ တပြားတချပ်မှ မကုန်တဲ့ ဝင်ငွေရတဲ့အလုပ်ဆိုရင် ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး အခြေပြု ခရီးသွားလုပ်ငန်းဖြစ်တယ်၊ ဆင်တွေကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ထားတယ် ဆိုတာကို ပြည်သူတွေကို အသိပညာပေးရင်းနဲ့ ဒီလို ဆင်စခန်းတွေကို ဖွင့်လှစ်ခဲ့တာလို့လည်း ပြောပါတယ်။

မြန်မာ့သစ်လုပ်ငန်းသစ်ထုတ်ရေးရဲ့ အောက်မှာ ဆင်စခန်း ၁၉ ခု ရှိပြီး  မှော်ယောကြီးဆင်စခန်းဟာ ဆင်သမားတွေနေတဲ့ ကျေးရွာလေးကို အခြေပြုပြီးတော့ ဖွင့်ထားတဲ့ စခန်းလေးတခု ဖြစ်တယ်။

မြန်မာပြည်မှာ ဖွင့်လှစ်ထားတဲ့ ဆင်စခန်းမှာ တခုနဲ့ တခု မတူညီကြဘဲ ဝင်္ကဘော်ဆင်စခန်းမှာ အမိဆင်များကို ထိန်းသိမ်းစောင့်ရှောက်မှုပေးတဲ့ ဆင်စခန်း အမျိုးအစားဖြစ်ပြီး ဖိုးကျားဆင်စခန်းမှာ တောတောင်ထဲတွင် အဆင့်မြင့်မြင့် အဆောက်အဦနဲ့ နေနိုင်ဖို့ ဖွင့်လှစ်ထားတဲ့ ဆင်စခန်းဖြစ်ကာ မှော်ယောကြီးဆင်စခန်းမှာ ဆင်များစီးပြီး တောတောင်သဘာဝကို လေ့လာနိုင်ဖို့ စီစဉ်ပေးထားတဲ့ ဆင်စခန်း ဖြစ်ပါတယ်။

မှော်ယောကြီး ဆင်စခန်းကို လာရောက် လည်ပတ်သူတွေက ဆင်အကောင်ရေကို များများထားစေချင်ပြီး ဝန်ဆောင်မှုတွေကိုလည်း နိုင်ငံခြားက ဆင်စခန်းမျိုး ဖြစ်အောင် လုပ်သင့်တယ်လို့ မှော်ယောကြီး ဆင်စခန်းကို လာရောက်လည်ပတ်သူ ကုမ္ပဏီဝန်ထမ်း ဦးကိုကိုလွင်ကပြောပါတယ်။

“ခံစားရတာ ကောင်းပါတယ်။ ဆင် ဒီ့ထက် ပိုများများလေးရယ်၊ အကောင်ကြီးတဲ့ဆင်တွေရယ် ထပ်ပြီး ထားမယ်ဆို ပိုကောင်းတယ်။ ဘန်ကောက်မှာလိုမျိုး ဆင်တွေရဲ့ နှာမောင်းတွေအပေါ် တက်ထိုင်ပြီး ဓာတ်ပုံရိုက်လို့ရတဲ့ အဆင့်မျိုး၊ ဆင်တွေက ပန်းချီဆွဲတာမျိုးလေးတွေဆိုရင် ပိုအဆင်ပြေတယ်။ အခု လာတဲ့လမ်းလေးကိုလည်း ဒီ့ထက် အဝင် အထွက် ကောင်းအောင် လုပ်ပေးစေချင်တယ်”

အခုလက်ရှိ မြန်မာနိုင်ငံမှာ တောဆင်ရိုးအကောင်ရေ ၂၄၆၀ ခန့်ရှိကြောင်း၊ ပုဂ္ဂလိကမှ ပိုင်ဆိုင်တဲ့ ဆင်အကောင်ရေ ၁၅၀၀ နဲ့ မြန်မာ့သစ်လုပ်ငန်းမှ ပိုင်ဆိုင်တဲ့ အကောင်ရေမှာ ၃၀၇၉ ကောင်ရှိပြီး သစ်တောဦးစီးဌာနမှ ထိန်းသိမ်းထားတဲ့ ဆင်အကောင်ရေမှာ ၃၀၀ ခန့် ရှိပါတယ်။

ဆင်အားလုံးထဲကမှ အလုပ်လုပ်နိုင်တဲ့ဆင်မှာ ၄၀ ရာခိုင်နှုန်းခန့်သာရှိပြီး တခြားဆင်တွေ ဟာ ဒီလို ဆင်စခန်းတွေမှာ ထိန်းသိမ်းထားတဲ့ဆင်တွေ ဖြစ်ပါတယ်။ ကမ္ဘာ့ဆင်များနေ့ကို သြဂုတ်လ ၁၂ ရက်နေ့မှာ ဒီစခန်းလေးမှာပဲ ဆင်တွေကို ဘူဖေးကျွေးပြီး လုပ်ဆောင်ခဲ့ပါတယ်။

သတင်း- ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013