DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီပါတီကို အရေးယူရန် ကြံ့ခိုင်ရေးနှင့် မိတ်ဖက်ပါတီ ၂၀ တိုင်ကြား
DVB
·
August 13, 2018
အန်အယ်လ်ဒီပါတီကို အရေးယူရန် ကြံ့ခိုင်ရေးနှင့် မိတ်ဖက်ပါတီ ၂၀ တိုင်ကြား
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီကို အရေးယူပေးဖို့ တင်ပြထားချက်ကို အရေးယူရမယ့် ဥပဒေဖော်ပြချက်နဲ့ ပြန်တင်ဖို့ ရွေးကောက်ပွဲကော်မရှင်က အကြောင်းပြန်လိုက်ပါတယ်။

အန်အယ်လ်ဒီပါတီက စီစဉ်ကျင်းပတဲ့ အမျိုးသမီးညီလာခံပွဲကို ပြည်ထောင်စုအဆင့် ဝန်ကြီးတွေ တက်ရောက် မိန့်ခွန်းပြောဆိုမှုနဲ့ နိုင်ငံပိုင်မီဒီယာကနေ ဖော်ပြမှုတွေဟာ ဖွဲ့စည်းပုံ အခြခံဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် တည်ဆဲဥပဒေနဲ့အညီ အရေးယူပေးဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ မိတ်ဖက်ပါတီ ၂၀ ကျော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားပါတယ်။

ဒီတိုင်ကြားစာနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတော်ရဲ့ တည်ဆဲ ဥပဒေဟာ ကျယ်ပြန့်လှတဲ့အတွက် ဘယ်ဥပဒေနဲ့ အရေးယူပေးရမယ်ဆိုတာ သတ်မှတ်ဖော်ပြပြီး ပြန်လည်အကြောင်းပြန်ပေးဖို့ တိုင်ကြားစာပေးပို့တဲ့ အဖွဲ့အစည်းတွေကို အကြောင်းပြန်စာ ပေးပို့ထားတယ်လို့ ကြံ့ခိုင်ရေးပါတီက ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က “ကျနော်တို့ တင်ပြချက်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေများနဲ့အညီ အရေးယူဆောင်ရွက်ပေးဖို့လို့ ဖော်ပြတဲ့နေရာမှာ နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေဆိုတာ ကျယ်ပြန့်ပါတယ်။ ဘယ်လို ဥပဒေ ဖြစ်တယ် ဆိုတာကို ပြန်လည်ပြီးတော့မှ အကြောင်းပြန်ကြားပေးဖို့ ဆိုပြီးတော့မှ ပြန်ကြားလာတာ ဖြစ်ပါတယ်။ ဒီလို အကြောင်းပြန်ကြားလာတဲ့အပေါ်မှာ ကျနော် တော်တော်လေး အံ့သြမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ အများစုက ဥပဒေပညာရှင်တွေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေရဲ့ တင်ပြချက်ကို ကြည့်ရှုပြီး ဥပဒေနဲ့အညီ ဥပဒေ ပုဒ်မ သတ်မှတ်ပြီး စစ်ဆေးပေးရမှာ ဖြစ်သလို ခက်ခဲမှုရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တင်ပြ အကူညီတောင်းခံနိုင်တယ်လို့ ဆိုပါတယ်။

ဒီလိုလုပ်ဆောင်ခြင်းမရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ်မှာ မေးခွန်ထုတ်ရမယ့် အခြေအနေမျိုး ဖြစ်နေတယ်လို့လည်း ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၅)၊ ပုဒ်မ (၂၃၂)၊ ပုဒ်မခွဲ (ဋ) မှာ ပြည်ထောင်စု ၀န်ကြီးဟာ နိုင်ငံရေးပါတီတခုခုရဲ့ အဖွဲ့ဝင်ဖြစ်ရင် တာဝန်ပေးခံရတဲ့နေ့ကစပြီး ရာထူး သက်တမ်းအတွင်း ယင်းပါတီရဲ့ လုပ်ငန်းတွေမှာ ပါဝင်ခြင်းမပြုရလို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အမျိုးသမီး ညီလာခံပွဲကို ပါတီဝင် မဟုတ်တဲ့ ပြည်ထောင်စုဝန်ကြီးတချို့ တက်ရောက်တာဟာ ဥပဒေ ချိုးဖောက်ခြင်းမရှိဘူးလို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013