ဗေလုဝနှင့် ထိုင်းမင်းသမီးလေး ခေါင်းဆောင်ပါဝင်သည့် နာနာဘာဝ ချစ်သူ - ရုပ်ရှင်(နမူနာ)
DVB
·
August 13, 2018

နာမည်ကြီး ဟာသသရုပ်ဆောင် ဗေလုဝနဲ့ ထိုင်းသရုပ်ဆောင်မင်းသမီး ပတ်ချာရာတူသောင်တို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ နာနာဘာဝချစ်သူ ရုပ်ရှင်ကားကို လာမယ့် သြဂုတ် ၂၄ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ညီလွမ်းဦးရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ သြရသက ပုံဖော်ရိုက်ကူးပေးထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ Myanmar Media 7 ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပါတယ်။
ဒီကားထဲမှာ အိမ်ခြံမြေအရောင်းအဝယ်တခုကနေ ပါလာခဲ့တဲ့ ထိုင်းသရဲမလေး ကွန်ရက်အဖြစ် ပတ်ချာရာက သရုပ်ဆောင်ထားပြီး ဗေလုဝကတော့ သေရွာပြန်ချမ်းမြေ့ ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်ထားခဲ့ကြတာပါ။ လူက သရဲကို မကြောက်ရပဲ သရဲက လူကို ပြန်ကြောက်ရတဲ့ ရုပ်ရှင်ကားအဖြစ် ပုံဖော်ဖန်တီးထားတဲ့ ဒီကားထဲမှာတော့ အလွဲလွဲ အချော်ချော်၊ ကမောက်ကမ ဟာသဆန်ဆန် သရုပ်ဆောင်မှုတွေကို ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။
ဗေလုဝ၊ ပတ်ချာရာတို့နဲ့အတူ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ အရိုင်း၊ ညီထွဋ်ခေါင်၊ ကျော်ကျော်တို့ကလည်း ဒီရုပ်ရှင်ကားထဲမှာ ပါဝင်အားဖြည့် သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။