DVB Logo
Home
မြန်မာသတင်း
ရေနှစ်အသတ်ခံရသည့် ကလေးအမှု ၂ လ ကြာသည်အထိ တရားခံ မပေါ်သေး
DVB
·
August 13, 2018
ရေနှစ်အသတ်ခံရသည့် ကလေးအမှု ၂ လ ကြာသည်အထိ တရားခံ မပေါ်သေး
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ အနောက်ခြမ်း၊ သာယာဝတီခရိုင် သုံးဆယ်မြို့ ငဖြူကလေးကျေးရွာမှာ ဇွန် ၂၇ ရက်နေ့က ၃ နှစ် ၇ လအရွယ် မိန်းကလေးတဦး ရေနှစ်အသတ်ခံရမှု ၂ လနီးပါးအချိန်ထိ တရားခံမမိသေးတဲ့အတွက် အမှုပျောက်သွားမှာကို မိဘတွေက စိုးရိမ်နေပါတယ်။

ဖခင်ဖြစ်သူဦးရေချမ်းက “သမီးပျောက်တဲ့အချိန် ကျနော်အိမ်မှာမရှိဘူး။ လယ်ထဲက ပြန်လာမှ မိန်းမကသမီးပျောက်နေတယ်၊ ရှာမတွေ့ဘူးပြောလို့ ဘယ်မှာဆော့တာလဲမေးတော့ ကျနော်တို့ခြံချင်းကပ်က ဦးကျော်ဆင့်ခြံထဲမှာ ဆော့တာလို့ပြောလို့ လိုက်ရှာတော့ အိမ်နောက်ဘက်က ရေကန်ထဲမှာ သမီးဖိနပ်တဖက်ကို တွေ့တယ်။ မသင်္ကာလို့ ကန်ထဲဆင်းရှာတော့ သမီးကိုတွေ့တယ်။ အပေါ်ရောက်တော့ အသက်မီမလားဆိုပြီး ဝိုင်းလုပ်ပေးပြီးကြည့်လိုက်တော့ သမီးကိုဆင်ထားတဲ့ နားကပ်မရှိတော့ဘူး။ ကျနော်တို့ရဲစခန်းမှာ တိုင်ပြီး အမှုဖွင့်ထားတယ်။ ခုချိန်ထိတော့ တရားခံမမိသေးဘူး။ ရဲစခန်း သွားမေးတော့လည်း သူတို့ရဲအလုပ်ရဲလုပ်နေတယ်လို့ ပြောတယ်။ နောက်ထပ်လည်း ထပ်မမေးရဲဘူး။ သမီးလေးက အသတ်ခံရတာပါ။ ခုချိန်ထိတရားခံ ဖမ်းမမိသေးဘူးဆိုတော့ အမှုကတဖြည်းဖြည်းနဲ့ ပျောက်သွားမှာကို စိုးရိမ်တယ်” လို့ပြောပါတယ်။

အိမ်နီးချင်းဖြစ်သူ ဒေါ်တင်တင်ဝင်းက “ကလေးသေဆုံးတဲ့ ရေကန်ခြံဝိုင်းထဲမှာ အိမ်သုံးလုံးရှိတယ်။ ဖြစ်တဲ့နေ့က အဲခြံထဲမှာ လူလေးယောက်ပဲရှိတယ်။ အဲဒါကို စတိုင်တဲ့အချိန်က လင်မယားနှစ်ယောက်ကို ရဲကခေါ်ပြီးစစ်ဆေးတာတွေ လုပ်တယ်။ နောက်ထပ်နှစ်ယောက်ကို တပတ်လောက်ကြာတော့ ထပ်ခေါ်ပြီးစစ်ဆေးတယ်လို့ သိရတယ်။ အခုပြန်လွှတ်ပေးထားတယ်။ ကျေးရွာဆိုတော့ လက်လုပ်လက်စားများတယ်။ ကလေးတွေကို ဒီတိုင်းထားခဲ့ရတာ။ တကယ်လို့ ဒီကလေးအသတ်ခံရတဲ့ အမှုမပေါ်ဘူးဆိုရင် ကျမတို့ကလေးတွေအတွက် စိုးရိမ်တယ်” လို့ပြောပါတယ်။

သုံးဆယ်နယ်မြေ ရဲစခန်းကစခန်းမှူး ရဲအုပ်မိုးအောင်က “ကျနော်တို့ဒီအမူနဲ့ ပတ်သက်ပြီး မသင်္ကာတဲ့လူတွေကို ခေါ်ယူစစ်ဆေးထားပါတယ်။ စစ်ဆေးတဲ့အချိန်မှာ သက်သေ မခိုင်လုံတဲ့အတွက် ပြန်လွှတ်ပေးခဲ့တယ်။ ဒါပေမယ့် စောင့်ကြည့်နေပါတယ်။ စဖြစ်တုန်းက သေမှုသေခင်းနဲ့ အမှုဖွင့်ခဲ့တာ။ ဆရာဝန်ဆေးစစ်ချက်မှာ အဆုတ်ထဲကို ရေဝင်ပြီး အသက်ရှုလမ်းကြောင်း ပိတ်တာဖြစ်တယ်လို့ ပြောတဲ့အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂ လူသတ်မှုနဲ့ အမှုဖွင့်ပြီး စုံစမ်းစစ်ဆေး စောင့်ကြည့်တာတွေလုပ်နေပါတယ်” လို့ပြောပါတယ်။

သေဆုံးသူ မဖူးပြည့်စုံ အသက် ၃ နှစ် ၇ လ ဟာ သေဆုံးခဲ့တဲ့နေ့က ကလးတွေနဲ့ ကစားနေရင်း မွန်းလွဲ ၂ လောက်မှာ ပျောက်ဆုံးသွားလို့ မိဘတွေ လိုက်ရှာရာ ဦးကျော်ဆင့်နေအိမ်အနောက်ဘက်ရှိ အလျား ၆၅ ပေ အနက် ၉ ပေရှိ ရေကန်အတွင်း သေဆုံး နေတာ တွေ့ခဲ့တာဖြစ်ပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013