DVB Logo
Home
မြန်မာသတင်း
ကန့်သတ်မှုများကြားမှ ကရင်အာဇာနည်နေ့အခမ်းအနား ဟင်္သာတတွင် ကျင်းပ
DVB
·
August 12, 2018
ကန့်သတ်မှုများကြားမှ ကရင်အာဇာနည်နေ့အခမ်းအနား ဟင်္သာတတွင် ကျင်းပ
Donate to DVB

ဟင်္သာတမြို့မှာ ကရင်အာဇာနည်နေ့အခမ်းအနားကို ကန့်သတ်မှုတွေ ကြားကနေ ကျင်းပခဲ့ပါတယ်။

ကရင် အာဇာနည်နေ့အခမ်းအနားတွေကို ဧရာဝတီတိုင်းဒေသကြီးက မြို့နယ်တွေမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် တားမြစ်ခံခဲ့ရပါတယ်။

ကရင့်အာဇာနည် စောဘဦးကြီးရဲ့ ဇာတိဖြစ်တဲ့ ပုသိမ် ဘဲဂရက်၊ မြောင်းမြမြို့နယ်၊ ပန်းတနော်၊ ဟင်္သာတမြို့နယ်တွေမှာ တားဆီးခံခဲ့ရပါတယ်။

အဲဒီလို ကန့်ကွက်တဲ့ကြားကနေ ဟင်္သာတမြို့နယ်မှာတော့ ၆၈ ကြိမ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

ကရင်အာဇာနည်နေ့အခမ်းအနားကို ကန့်ကွက်တာဟာ ရိုင်းဆိုင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

“အာဏာရှိတိုင်း အပေါ်စီးကနေပြီး တိုင်းရင်းသားလူမျိုးတွေကို ဒီလိုဖိနှိပ်မယ်ဆိုရင် ငြိမ်းချမ်းရေးကလည်း ရမှာမဟုတ်ဘူး။ ငြိမ်းချမ်းရေး ဆောင်ရွက်တာလည်း ဘာမှအဓိပ္ပာယ်မရှိဘူး။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတာလည်း ဘာမှအဓိပ္ပာယ်မရှိ ဘူး။ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာလည်း ဘာမှ အဓိပ္ပာယ်မရှိဘူးဆိုတာ ကျနော်ပြောချင်တယ်။”

ဟင်္သာတမြို့ ကရင်ပြည်သူ့ပါတီမှ စောကျော်ကြီးက “ဆုပေးပွဲမင်္ဂလာနဲ့ ဆုပေးပွဲ အခမ်းအနားကိုလုပ်ပါ။ အာဇာနည်နေ့ကို မလုပ်ပါနဲ့ဆိုပြီး ဆိုင်းဘုတ်တွေ၊ နဖူးစည်းစာတန်းတွေနဲ့ အတွင်းကဟာတွေ အကုန်လုံးဖြုတ်ခိုင်းတယ်။ ကျနော်တို့က မဖြုတ်ပေး နိုင်ဘူးဆိုတဲ့အကြောင်းကို သူတို့ကို ပြောပြပြီးတော့ ပြန်လာခဲ့တယ်” လို့ ပြောပါတယ်။

ဟင်္သာတမြို့မှာ ကရင် အာဇာနည်နေ့အခမ်းအနား ဦးဆောင်ကျင်းပသူတွေကို သြဂုတ် ၁၃ ရက်နေ့မှာ အရေးယူမယ်လို့ အုပ်ချုပ်ရေးဘက်ကလည်း ဆင့်ခေါ်ထားပါတယ်။

ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က “ကရင်အမျိုးသားတို့ရဲ့ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ လုပ်ဖို့ဆိုပြီး တင်ထားခြင်းဖြစ်ပါတယ်။ ကျနော်တို့က တင်ထားတဲ့အတိုင်း ခွင့်ပြု ပါတယ်။ ဒါပေမယ့် ခွင့်ပြုချက်တင်ထားတဲ့အထဲမှာ မပါတဲ့ (၆၈) နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့ဆိုတာကျတော့ ကျနော်တို့ကို တင်တဲ့ထဲမှာ မပါတဲ့အတွက် ခွင့်မပြုတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကရင်အာဇာနည်နေ့ကို ကရင်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီး ကျဆုံးတဲ့ သြဂုတ် ၁၂ ရက်နေ့ကို သတ်မှတ်ပြီး နှစ်တိုင်း နိုင်ငံတ၀ှမ်းမှာ ကရင်တိုင်းရင်းသားတွေက အခမ်းအနားတွေ ကျင်းပလေ့ရှိပါတယ်။

ဟင်္သာတမှာလိုပဲ ဒီနှစ် ရန်ကုန်မှာပြုလုပ်တဲ့ ကရင်အာဇာနည်နေ့ အခမ်းအနားကို တားဆီးခံခဲ့ရပါတယ်။

ကေအန်ယူကတော့ ကရင့်အာဇာနည်နေ့ အခမ်းအနားကို ဖာပွန်ခရိုင် တပ်မဟာ ၅ အခြေစိုက်တဲ့ တပ်ရင်း ၁ မှာ စစ်ရေးပြ အခမ်းအနားနဲ့ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အဲဒီအခမ်းအနားလုပ်ဖို့ ကေအန်ယူက ကြိုတင်လေ့ကျင့်တာကို တပ်မတော်က ကန့်ကွက်ပြီး စစ်အင်အား တိုးချဲ့ချထားတာတွေ လုပ်ခဲ့ပြီး နောက်ပို်င်းမှာ တပ်တွေ ပြန်လည်ရုပ်သိမ်းသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013