DVB Logo
Home
မြန်မာသတင်း
မုဒိမ်းမှုကျူးလွန်သူများကို ပြစ်ဒဏ်ချမှတ်မည့်ဥပဒေကြမ်း အမြန်ပြဋ္ဌာန်းပေးရန် တောင်းဆို
DVB
·
August 12, 2018
မုဒိမ်းမှုကျူးလွန်သူများကို ပြစ်ဒဏ်ချမှတ်မည့်ဥပဒေကြမ်း အမြန်ပြဋ္ဌာန်းပေးရန် တောင်းဆို
Donate to DVB

အရွယ်မရောက်သေးတဲ့အမျိုးသမီးတွေနဲ့ မသန်စွမ်းအမျိုးသမီးတွေအပေါ် အဓမ္မ ပြုကျင့်တာတွေ အကာအကွယ်ပေးနိုင်ဖို့ အမျိုးသားလွှတ်တော်မှာ တင်သွင်းတဲ့  ဥပဒေကို အမြန်ဆုံး ပြဋ္ဌာန်းပေးဖို့ ဥပဒေပညာရှင်တွေက တောင်းဆိုလိုက်ပါတယ်။

အသက် ၁၂ နှစ်အောက် အမျိုးသမီးငယ်တွေနဲ့ မသန်စွမ်း အမျိုးသမီးအပေါ် မုဒိမ်းမှုကျုးလွန်သူတွေကို ထောင်ဒဏ်အနှစ်၂ဝ နဲ့ ထောင်ဒဏ်တသက်တကျွန်း သတ်မှတ်ပေး ဖို့ အမျိုးသားလွှတ်တော်မှာ ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်း အဆိုကို သြဂုတ်လ ၁ဝ ရက်နေ့က တင်သွင်းခဲ့တာပါ။

ဒီဥပဒေဟာ သက်ငယ်မုဒိမ်းမှုတွေကို အဟန့်အတား ဖြစ်စေနိုင်တာကြောင့် ထောက်ခံပြီး အမြန်ဆုံး ပြဋ္ဌာန်းသတ်မှတ်ပေးစေချင်တယ်လို့ဆိုပါတယ်။

ရန်ကုန်တိုင်း တရားသူကြီးအဖွဲ့ဝင် ဦးမောင်မောင်ဝင်း(အငြိမ်းစား) က “ဘာကြောင့် ချမှတ်သင့်သလဲဆိုတဲ့ ကိစ္စမှာ ခုကျူးလွန်တဲ့ ပြစ်မှုတွေမှာ ကျူးလွန်ပါတယ်လို့ လိမ်လည် တိုင်တန်းတဲ့ ကိစ္စတွေလည်းရှိတယ်။ နောက် အမှန်တကယ်ပဲ ထိခိုက်နစ်နာပြီးတော့ ဘဝပျက် သွားရတဲ့ မိန်းကလေးတွေလည်း အများကြီးရှိတယ်။ သက်ငယ်မှရယ် မဟုတ်ပါဘူး။ နောက်ဆုံး မုဒိမ်းမှုမှာ အသက် ၆ဝ အဖွားကြီးတွေလောက်အထိ မုဒိမ်းကျင့်ခံရတာတွေ ရှိပါတယ်။ ဒီနေရာမှာ တရားသူကြီးတွေအနေနဲ့ ပေးချင်ရင် ပေးလို့ရအောင်ပေါ့။ မုဒိမ်းမှုအားလုံးကိုပဲ ထိရောက်ဟန့်တားလောက်တဲ့ ပြစ်ဒဏ် ထောင်ဒဏ်တသက်သော်လည်းကောင်း၊ ဒါမှမဟုတ် သေဒဏ်ကလည်း ကျနော်တို့နိုင်ငံမှာ ရှိနေပါသေးတယ်။ ပယ်ဖျက်သင့်မဖျက်သင့်ကလည်း အကြိတ်အနယ် ဆွေးနွေးရမယ့် ကိစ္စဆိုတော့ တကယ်လို့ သေဒဏ်ထားမယ်ဆိုရင်လည်း ဖြစ်နိုင်တဲ့ အနေအထားတော့ ရှိပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှတော့  ရာဇာသတ်ကြီးပုဒ်မ ၃၇၆ အရ မုဒိမ်းမှုတွေအတွက် ပြစ်ဒဏ်ဟာ ထောင်ဒဏ် နှစ် ၂ဝ ဖြစ်စေ၊ ထောင်ဒဏ် ၁ဝ နှစ်ထိ တမျိုးမျိုးဖြစ်စေ ချမှတ်တာတွေအပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားရှိပါတယ်။

ဒါ့အပြင် ဒီဥပဒေအပြစ်ဒဏ်ကို ပြည်သူတွေ အမြန်ဆုံးသိရှိဖို့လိုအပ်ပြီး ဥပဒေထိရောက်မှု ရှိဖို့ဆိုရင် အသိပညာပေးတာတွေပါ လုပ်ဆောင်သင့်တယ်လို့ သုံးသပ်တာတွေ ရှိပါတယ်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မေသန်း က “နေ့စဉ် နေ့တိုင်းလိုလို အပတ်စဉ် အပတ်တိုင်းလိုလို တိုးနေတဲ့အမှုမျိုးဆိုရင်တော့ ဒီဥပဒေ ရှိနေတယ်ဆိုတဲ့ အသိဟာ ပြည်သူတွေထဲမှာ အထူးသဖြင့် တောဘက်တွေ၊ ကျေးရွာ တွေမှာ မဖွံ့ဖြိုးသေးတဲ့ ဒေသတွေမှာ ပိုဖြစ်လေ့ရှိတဲ့အတွက်ကြောင့် အမြန်ဆုံး ပျံ့နှံ့သွားစေချင် တယ်။ ဒီဥပဒေတော့ ပြဋ္ဌာန်းလိုက်ပြီဟေ့ ငါတို့ဒါလုပ်ရင်တော့ ဒါခံရမယ်ဆိုတဲ့ အသိကြောင့် ဟန့်တားသွားလိမ့်မယ်၊ လျော့ကျသွားလိမ့်မယ်။ ဥပဒေသိမှုကိုလည်း တဖက်မှာ ပြဋ္ဌာန်းသလို တဖက်ကလည်း ဒါလုပ်ရင်တော့ ဒါဖြစ်မယ်ဆိုတဲ့ ပညာပေး ဖြန့်ဝေချက်တွေလည်း အမြန်ဆုံး လုပ်ဆောင်နိုင်ရင် ပိုပြီးထိရောက်မယ်လို့ အကြံပြုလိုပါတယ်။” လို့ ဆိုပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့စာရင်းအရ  ၁၆ နှစ်အောက် မုဒိမ်းမှုတွေက ၂ဝ၁၆ ခုနှစ်မှာ ၆၇၁ မှု၊ ၂ဝ၁၇ ခုနှစ်မှာ ၈၉၇ မှု ရှိပါတယ်။။

ဒါ့ပြင် ၁၆ နှစ်အထက် မုဒိမ်းမှုတွေက ၂ဝ၁၆ ခုနှစ်မှာ ၄၂၉ မှု၊ ၂ဝ၁၇ ခုနှစ်မှာ ၅ဝ၈ မှုရှိခဲ့ပြီး မုဒိမ်းမှု စုစုပေါင် က ၂ဝ၁၆  ခုနှစ်မှာ အမှုပေါင်း ၁၁ဝဝ နဲ့ ၂ဝ၁၇ခုနှစ်မှာတော့ ၁၄ဝ၅ မှုရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013