DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ်တွင်  ဖြစ်ပွားနေသည့် ဝက်ရောဂါ မထိန်းချုပ်နိုင်သေး
DVB
·
August 12, 2018
ကနီမြို့နယ်တွင်  ဖြစ်ပွားနေသည့် ဝက်ရောဂါ မထိန်းချုပ်နိုင်သေး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် သမင်ခြံကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ တတိယပတ်အတွင်းက စတင်ကာဖြစ်ပွားခဲ့တဲ့ ဝက်ရောဂါက လုံးဝထိန်းချုပ်နိုင်တဲ့ အနေအထား မရှိသေးဘဲ သေဆုံးနေဆဲဖြစ်ပါတယ်။

ဖြစ်ပွားနေတဲ့ ဝက်ရောဂါကတော့ ဓာတ်ခွဲစမ်းသပ်တဲ့ အဖြေအရ ဝက်နားရွက်ပြာရောဂါလို့ သိရပြီး နောက်ထပ်အရပ်အခေါ် ဝက်ပုလိပ်ရောဂါပိုးပါ တွေ့ရှိရတယ်လို့ သိရပါတယ်။

“အဖြေကတော့ သိရပြီ။ လူကိုတော့ မကူးစက်နိုင်ပါဘူး။ ထိန်းချုပ်နိုင်ပြီလို့ ပြောလို့ ရပါတယ်။ ဖြစ်ပြီး ၂၁ ရက်ကျော်လို့မှ မသေတော့ဘူးဆိုရင် ကင်းစင်သွားပြီလို့ပါ သတ်မှတ်နိုင်ပါ ပြီ။ အခုသေတယ်ဆိုတာကလည်း နေ့စဉ်ရက်ဆက်သေတာ မဟုတ်ပါဘူး။ ၂ ရက်ခြား၊ ၃ ရက်ခြားမှ သေတာပါ။ ၂၁ ရက်မတိုင်ခင်ပေါ့။ ပတ်ဝန်းကျင်ကျေးရွာတွေကိုလည်း ကူးစက်မှု မရှိပါဘူး”လို့ တိုင်းမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မြင့်စိုးက ပြောပါတယ်။

ဝက်ရောဂါဖြစ်ပွားနေတာ ၃ ပတ်ဝန်းကျင်ရှိနေပြီ ဖြစ်ပါတယ်။ ဝက်တွေသေဆုံး နေသေးတဲ့ အပေါ်မှာတော့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ အားရမှုမရှိဘူးလို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်က ဝေဖန်ပါတယ်။

ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက “လောလောဆယ်တော့ မြို့နယ်ကို ဖိဖိစီးစီးလုပ်ပေးဖို့ ပြောထားတယ်။ သတင်းအတိအကျ မထုတ်ပြန်ဘူး။ သေတာ ၂ဝ ကျော်မှ ဓာတ်ခွဲခန်းပို့နိုင်တယ်။ ကွပ်ကဲမှု အားနည်းတယ်လို့ မြင်တယ်။ အန္တရာယ်အခြေအနေ ရောက်နေတယ်။ ထိန်းချုပ်နိုင်တဲ့ အနေအထား မရှိသေးဘူး။ ဒါကိုလည်း လွှတ်တော်မှာမေးသွားဖို့ ရှိတယ်။ မြေပြင်နဲ့ သူတို့ဌာနက ထုတ်ပြန်တာ အချက်အလက်လွဲတယ်။ နောက်ကျတယ်။ တိုင်းအဆင့်က ကွင်းဆင်းတာက ဆင်းတာပဲ။ စောင့်ကြပ်ကြည့်ရှုမှု အားနည်းတယ်။ တကယ်လို့များ လူကိုကူးတဲ့ရောဂါဆို အကုန်သေကုန်မှာ ပဲ။ အားမရဘူး”လို့ ပြောပါတယ်။

ရောဂါဖြစ်စက ဒေသအခေါ် ဝက်ဝမ်းကျရောဂါထင်တဲ့အတွက် ဝက်ဝမ်းကျ ကာကွယ်ဆေး၊ သံချဆေးတွေကို ထိုးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ဓာတ်ခွဲခန်းအဖြေရမှ ဝက်နားရွက်ပြာရောဂါမှန်းသိပြီး ပြန်လည် ဆေးထိုးနေတာပါ။ သမင်ခြံကျေးရွာမှာ ဝက် အကောင်ရေ ၃၅ဝ ကျော်ရှိပြီး လက်ရှိအချိန်ထိမှာတော့ ရောဂါကြောင့်သေဆုံးတဲ့ဝက်က ဝက်ကြီး ၂၃ ကောင်၊ ဝက်ငယ် ၁ဝ ကောင် စုစုပေါင်း ၃၃ ကောင်သေဆုံးခဲ့ပြီးဖြစ်ပါတယ်။

“အခုက ဝက်နားရွက်ပြာရောဂါကာကွယ်ဆေးထိုးဖို့ ဝက်မွေးသူတွေအများစုက မထိုးချင်ကြဘူး။ ဌာနကလည်းဆေးက အလကားမရတဲ့အတွက် ဝက် ၁ဝ ကောင်စာ ဆေး ၁ ဗူးကို ၃သောင်းကျပ်ကျတယ်ပေါ့။ ၁ကောင်ကို ၃ ထောင်နှုန်းပေါ့။ ဒါကို မပေးချင်ကြတာ။ ကုသရေးဦးစီးဌာနကလည်း အပြင်ကဝယ်ရတာဖြစ်တဲ့အတွက် ဆေးကိုဝယ်ခိုင်းတာ။ ထိုးတာ၊ ဆေးသိုလှောင်ဖို့ ကုန်ကျစရိတ်ကို အကုန်ခံမယ်ပေါ့။ အဲဒီမှာ ဌာနနှင့် ရွာကြားမှာ နည်းနည်း နားလည်မှုလွဲနေတာ ဖြစ်နေတယ်” လို့ သမင်ခြံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမိုးလွင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လလယ်လောက်ကစတင်ကာ စစ်ကိုင်းတိုင်း ဝန်းသို၊ ကောလင်း၊ အင်းတော်မြို့နယ်တွေက ဝက်တွေမှာ ဒေသအခေါ် ဝက်နားရွက်ပြာရောဂါခေါ်တဲ့ အသက်ရှု လမ်းကြောင်းနှင့် မျိုးပွားလမ်းကြောင်းတွေမှာ ဖြစ်တတ်တဲ့ ရောဂါစုတွေ ဖြစ်ခဲ့သေးတာကြောင့် မြို့နယ် ၃ မြို့နယ်မှာ ဝက်ကောင်ရေ ၆သောင်းကျော်ရှိတဲ့အထဲက ၆ဝဝ ဝန်းကျင်သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013