DVB Logo
Home
Lead Story
လွှတ်တော်ထဲမှာ သမ
DVB
·
August 11, 2018
လွှတ်တော်ထဲမှာ သမ
Donate to DVB

သမဝါယမဆိုတဲ့ အသံကြားရင် ၁၉၇၀ ကျော်ကာလတုန်းက ရပ်ကွက်ထဲက သမဝါယမဆိုင်သွားပြီး ရေနံဆီတန်းစီခဲ့ရတာ၊ စားဆီတန်းစီ ထုတ်ခဲ့ရတာတွေ ပြေးမြင်တယ်။ အဲ့ဒီခေတ်တုန်းကတော့ ပိုက်ဆံရှိတဲ့သူတွေက သမဝါယမဆိုင်ကပေးတဲ့ ဆန်၊ ဆီ၊ ရေနံဆီတွေကို အမြတ်တခုနဲ့ ပြန်ရောင်းကြပြီး သမဝါယမ မှောင်ခိုတခေတ် ဖြစ်ခဲ့တယ်။ ၁၉၉၀ ကျော်ကာလရောက်တော့ ဂျီအီးစီဆိုတဲ့ ဝန်ထမ်းသမဝါယမဆိုတာကို အသက်သွင်းခဲ့ကြပြန်ပြီး အဲ့ဒါလည်း တန်းစီတိုးစားသူတွေနဲ့ မှောင်ခိုတခေတ် ဖြစ်ပြန်တယ်။ ဒီလိုနဲ့ သမဝါယမဆိုတာတွေ ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ အခုခေတ်လူငယ်တွေဆို သမဝါယမဆိုင်ဆိုတာ သိတောင်မသိကြတော့ဘူး။ ကိုယ်ကသာ ဒီလိုထင်မိတာဖြစ်ပေမယ့် လတ်တလော ကျင်းပပြုလုပ်နေတဲ့ ပြည်သူ့လွှတ်တော်တရပ်မှာ သမဝါယမအကြောင်း အထူးတလည် ပြောဆိုဆွေးနွေးသွားကြတာ စောင့်ကိုကြည့်လိုက်ရတယ်။

သြဂုတ် ၁၀ ရက် ပြည်သူ့လွှတ်တော်မှာ ဒေါ်ဝင့်ဝါထွန်း၊ ရှားတောမဲဆန္ဒနယ်က တင်သွင်းတဲ့ “သမဝါယမဦးစီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပြန်လည်ဆန်းစစ်သုံးသပ်ပြီး လိုအပ်သည့် ပံ့ပိုးမှုများ အပါအဝင် ပြုပြင်ပြောင်းလဲမှုများအား အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ကိုယ်စားလှယ် ၁၃ ဦးက ပါဝင်ဆွေးနွေးခဲ့ကြတယ်။ အဆိုရှင်က သမဝါယမကို ပြုပြင်ပြောင်းလဲဖို့ တင်ပြတာဖြစ်ပေမယ့် ဆွေးနွေးတဲ့ ကိုယ်စားလှယ်အများစုကတော့ သမဝါယမကို ဖျက်သိမ်းဖို့ထိ ပြောဆိုဆွေးနွေးသွားကြတယ်။ ကိုယ်စားလှယ်တွေ ဆွေးနွေးသွားကြတာ ရှုထောင့်စုံပြီး ကိုယ်တွေသာ မသိတယ်၊ သမဝါယမဆိုတာ ရှိနေသေးပြီး လတ်တလောတော့ ပိုက်ဆံထုတ်ချေးနေတာပါတဲ့။ ကိုယ်စားလှယ် ၁၃ ဦး ဆွေးနွေးချက်တွေအတိုင်း အစဉ်လိုက် ကောက်နုတ်ကြည့်ရင် ခုလိုတွေ့ရတယ်။

မြန်မာနိုင်ငံကို သမဝါယမစနစ်ရောက်တာ နှစ် ၁၀၀ ကျော်ပြီ။ ၁၉၅၀ ကျော်ကာလက ကျင့်သုံးတဲ့ သမဝါယမစနစ် အောင်မြင်တယ်။ ၁၉၇၀ ခုနှစ်မှာ တအိမ်ထောင် ကျပ် ၃၀ ကောက်ပြီး ပေါ်ပေါက်ခဲ့တဲ့ သမဝါယမဆိုင်တွေကတော့ အရင်းပါပျောက်ပြီး မအောင်မြင်ဘူး။ အခုဆို သမဝါယမဆိုင်တွေ၊ အဆောက်အဦတွေ ဒေသအနှံ့ တည်ရှိနေပြီး အဲ့ဒီအဆောက်အဦတွေကို သမဝါယမက အခန်းဖွဲ့ ငှားစားထားကြတယ်။ အခု လတ်တလောမှာ တရုတ်နိုင်ငံ၊ Exim Bank က ချေးငွေတွေ ထုတ်ချေးတဲ့ လုပ်ငန်းကို သမဝါယမက လုပ်နေတာတွေ ရှိတယ်။ ကယားပြည်နယ်၊ ဖားဆောင်းက ကိုယ်စားလှယ်ရဲ့ ဆွေးနွေးချက်အရ သူ့ဒေသမှာ တရုတ်ဘဏ်ချေးငွေ ကျပ်သန်းပေါင်း ၂၀၀၀ ကျော်ရှိတယ်။ လက်သင့်ရာ စားတော်ခေါ်ပြီး ချေးတယ်။ အတိုးနဲ့မကိုက်လို့ ထွက်ချင်တဲ့သူတွေကို ပေးမထွက်ဘဲ သူ့အစား အသင်းဝင်နှစ်ယောက် ရှာပေးမှ ပေးထွက်မယ်ဆိုတဲ့ ဖြစ်ရပ်တွေလည်း ရှိနေတယ်လို့ သိရတယ်။ ကိုယ်စားလှယ်တွေ ဆွေးနွေးချက်အရ လတ်တလောမှာ သမဝါယမက တရုတ်ချေးငွေ ချေးပေးရေး အလုပ်တခုပဲ လုပ်နေတယ်လို့ သိလိုက်ရတယ်။ ကိုယ်စားလှယ်တဦးကဆို ငွေချေးတာပဲ လုပ်နေတဲ့ သမဝါယမကို သဘာဝသမိုင်းပြတိုက်ပို့လိုက်ဖို့ ကောင်းနေပြီလို့ ဝေဖန်ဆွေးနွေးသွားတယ်။

လွှတ်တော်လုပ်ထုံးလုပ်နည်းအတိုင်း သက်ဆိုင်ရာဌာန သဘောထားမေးတော့ ဆိုင်ရာဌာန ဒုဝန်ကြီးက ထုံးစံအတိုင်း သမဝါယမဌာနရဲ့ ရည်မှန်းချက်တွေ မူဝါဒတွေ လုပ်ဆောင်နေချက်တွေ ပြောပြီး စနစ်ကကောင်းတယ်။ အကောင်အထည်ဖော်တဲ့လူ သိပ်မကောင်းသေးတာ ဆိုတဲ့သဘော ပြောသွားပြီး အဆိုကို မှတ်တမ်းတင်ပေးဖို့ သဘောထားမှတ်ချက်ပေးတယ်။ အဆိုရှင်ကလည်း အလားတူ သဘောထား မှတ်ချက်ပေးလို့ အဆိုကို လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဝန်ကြီးဌာနဘက်က တင်ပြချက်အရ တပြည်လုံးမှာ လက်ရှိ သမဝါယမအသင်းပေါင်း လေးသောင်းကျော်ရှိပြီး အသင်းသားပေါင်း လေးသန်းကျော်ရှိတယ်လို့ သိရလို့ သမဝါယမ အဝန်းအဝိုင်းက မသေးတာ တွေ့ရတယ်။ ဒီအဝန်းအဝိုင်း ပြောင်းလဲဖို့လုပ်မယ်၊ အောင်မြင်လာအောင်လုပ်ဖို့ အစိုးရက ငွေသုံးမယ်ဆိုရင် သုံးမယ့်ငွေပမာဏက များပြားမယ်။ ဒါကြောင့် ကိုယ်စားလှယ်တဦး ဆွေးနွေးသွားသလိုပဲ အစိုးရအနေနဲ့ သမဝါယမနဲ့ ပတ်သက်လို့ ငွေသုံးဖို့ မသင့်တော်တော့ဘူးဆိုတာ ထောက်ခံချင်တယ်။

ဖြစ်သင့်တယ်လို့မြင်တာ နောက်တခုကတော့ သမဝါယမဌာနကို ပြုပြင်ပြောင်းလဲဖို့ ဆိုတဲ့အဆို မတင်ဘဲ ခေတ်စနစ်နဲ့ မလျော်ညီတော့တဲ့ သမဝါယမစနစ်ကို အပြီးတိုင် ဖျက်သိမ်းပစ်ဖို့ ဆိုတဲ့ အရေးကြီးအဆိုတခု လွှတ်တော်တင်ပြီး အဆိုကို ထောက်ခံဆွေးနွေး၊ ပြီးရင် သမဝါယမ ဖျက်သိမ်းဖို့ အစိုးရကို လွှတ်တော်က တိုက်တွန်း၊ ဒီလိုလုပ်ရမယ်လို့ပဲ မြင်တယ်။ အခုက မြွေမသေ တုတ်မကျိုး ပုံစံမျိုးပဲ ဖြစ်သွားပြီး သိပ်မထိရောက်ဘူး။ အခု သမဝါယမလုပ်နေတဲ့ တရုတ်ဘဏ်ချေးငွေ ထုတ်ချေးတဲ့ကိစ္စက ကြာရင် ဒေသခံလူထု အကြွေးနွံနစ်ဖို့ ရှိတယ်။ တလောက ဧရာဝတီတိုင်းဘက်ရောက်တော့ မြို့တခုမှာ လယ်ယာစိုက်ပျိုးရေးဘဏ်က ချေးငွေထုတ်ဖို့ တောင်သူတွေ စုဝေးနေတာ မြင်ခဲ့ရတယ်။ ချေးငွေတွေနဲ့ အဆင်ပြေကြလားလို့ သားချင်း လယ်လုပ်သူကို မေးကြည့်တော့ ပြေတယ်။ လယ်သမားကတော့ ကိုရီးယားချေးငွေဆိုလည်း ချေးတယ်၊ ဂျပန်ချေးငွေဆိုလည်း ချေးတယ်၊ အစိုးရချေးငွေလည်း ချေးလိုက်တာပဲ၊ ဘယ်တော့ ဘာသံကြားရမလဲတော့ မသိဘူးလို့ ပြောတယ်။ တဆက်တည်း တိုင်းပြည်ထဲ မသေးတဲ့ ချေးငွေတွေအရေးလည်း လွှတ်တော်ထဲ အဆိုတင် ဆွေးနွေးကြပါဦး ကိုယ်စားလှယ်အပေါင်းတို့။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013