DVB Logo
Home
မြန်မာသတင်း
နေရပ်စွန့်ခွာသူများအရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် အချက် ၈ ချက် သဘောတူ
DVB
·
August 11, 2018
နေရပ်စွန့်ခွာသူများအရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် အချက် ၈ ချက် သဘောတူ
Donate to DVB

ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူတွေနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးအဆင့် အစည်းအဝေးကနေ အချက် ၈ ခု သဘောတူ အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

သြဂုတ်လ ၁၀ ရက်နေ့က နေပြည်တော်၊ သင်္ဂဟဟိုတယ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဘူ အာဆန်မာမွတ်အာလီတို့က ပူးတွဲသဘာပတိတွေအဖြစ် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ ဒီအစည်းအဝေးကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးနဲ့ တာဝန်ရှိသူတွေ၊ ကိုယ်စားလှယ် အဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ပါတယ်။

အစည်းအဝေးမှာ မကြာသေးခင်က ကော့(ဇ်)ဘဇားကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ ရခိုင်ဒေသက နေရပ်စွန့်ခွာသွားကြသူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဆောလျင်စွာစတင်နိုင်ဖို့ နှစ်နိုင်ငံ အကြား သဘောတူညီခဲ့ပြီး ပြန်လည်လက်ခံရေး ဆောင်ရွက်ရာမှာ မိမိဆန္ဒအလျောက် လုံခြုံ စိတ်ချစွာနဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်။ နှစ်နိုင်ငံ ဝန်ကြီးတွေအကြား ပြန်လည်လက်ခံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးရာမှာ အဆင်ပြေ ချောမွေ့စေဖို့အတွက် တိုက်ရိုက် ဆက်သွယ်နိုင်မယ့် HOTLINE တခု ထူထောင်ထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

နှစ်နိုင်ငံအကြား သဘောတူထားတဲ့ စိစစ်ရေးပုံစံ (VERIFICATION FORMS) တွေကို ကော့(ဇ်)ဘဇားမှာ ရောက်နေတဲ့ နေရပ်စွန့်ခွာသွားသူတွေဆီကို ဖြန့်ဝေရေးနဲ့ ပုံစံတွေကို ကိုယ်တိုင် ဖြည့်စွက်နိုင်ဖို့  သဘောတူညီခဲ့ပြီး မြန်မာ အစိုးရအနေနဲ့ စိစစ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အထောက်အကူပြုဖို့၊ နေရပ်စွန့်ခွာသွားသူတွေဟာ သူတို့ဆန္ဒအလျောက် ပြန်လည် ဝင်ရောက်လိုတာဖြစ်ကြောင်း သက်သေပြနိုင်မယ့် ပြန်လည်ဝင်ရောက်လိုသူရဲ့ လက်မှတ်၊ လက်ဗွေနဲ့ ဓာတ်ပုံတွေကို ပုံစံတွေမှာ ထည့်သွင်းဖြည့်စွက်သွားစေဖို့ အတွက်လည်း သဘောတူညီခဲ့ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား နိုင်ငံတကာ နယ်နိမိတ်မှာ နေထိုင်နေသူတွေ၊ အထူးသဖြင့် နိုင်ငံတကာ နယ်နိမိတ်နဲ့ မြန်မာနိုင်ငံပိုင်နက်နယ်မြေပေါ်မှာ တည်ဆောက်ထားတဲ့ ခြံစည်းရိုးအကြား နေထိုင်နေသူတွေကို ပြန်လည်လက်ခံနိုင်ငံရေးအတွက် ပူးပေါင်းဆောင်ရွက်တာတွေ တိုးမြှင့် ပြုလုပ်သွားဖို့၊ အဲဒီ မြန်မာပိုင်နက်နယ်မြေပေါ်မှာ နေထိုင်နေသူတွေကို လူသားချင်း စာနာ ထောက်ထားမှု ပစ္စည်းတွေ ထောက်ပံ့ပေးတဲ့ ကိစ္စကို မြန်မာနိုင်ငံဘက်က အထောက်အပံ့ပေးရေး ဆိုင်ရာအဖွဲ့အစည်းတွေက ဆောင်ရွက်သွားဖို့လည်း သဘောတူခဲ့ကြပါတယ်။

ပြီးတော့ မြန်မာနိုင်ငံက နေရပ်စွန့်ခွာသွားသူတွေကို ထုတ်ပေးထားတဲ့ သက်သေခံ လက်မှတ်တွေပေါ်မှာ သုံးထားတဲ့ ဘာသာစကားကို ပြန်လည်ပြင်ဆင်ပေးဖို့အတွက် ဘင်္ဂလားဒေ့ရှ်ဘက်က သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။

ပြန်လည်လက်ခံရေးအစီအစဉ်မှာ သဘောတူထားတဲ့အတိုင်း မြန်မာအစိုးရအနေနဲ့ ယာယီ လက်ခံရေး စခန်း ၂ ခုနဲ့ ကြားစခန်း ၁ ခု ဖွင့်လှစ်ထားပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ ဆောင်ရွက်ဖို့ သဘောတူထားတဲ့ ယာယီစခန်း ၅ ခု အနက် စခန်း ၁ ခုကို ဆောက်လုပ်ပြီးစီးပြီး တခုကို ဆောက်နေဆဲ ဖြစ်တာကြောင့် ၃ ခု ဆောက်ဖို့ ကျန်နေသေးတယ်ဆိုတာကိုလည်း အတည်ပြု ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်တာ အရှိန်မြှင့်တင်ဖို့နဲ့ နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင် ဘီပီ-၃၄ နဲ့ ဘီပီ-၃၅ အကြား နယ်စပ်မျဉ်းကို နှစ်နိုင်ငံ ပူးတွဲ စစ်ဆေးမှုတရပ်ပြုလုပ်ဖို့လည်း သဘောတူခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်မယ့် အစီအစဉ်တွေကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013