
မန္တလေးမြို့အခြေစိုက် လူမှုအဖွဲ့အစည်းတခုဖြစ်တဲ့ The Help Myanmar အဖွဲ့ ဟာ ၂၀၁၂ ခုနှစ် နိုင်ငံတကာ အေအိုင်ဒီအက်စ် ညီလာခံမှာပေးအပ်တဲ့ ဖဲကြိုးနီဆုကို ရရှိခဲ့ပါတယ်။
ဒီအဖွဲ့ဟာ လိင်တူချင်း ဆက်ဆံသူတွေအကြား အေအိုင်ဒီအက်စ်ရောဂါ ကူးစက်မှုကာကွယ်ရေးနဲ့ ပညာပေးလုပ်ငန်းတွေကို ၂၀၀၇ ခုနှစ်ကတည်းက ဆောင်ရွက်လာခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။
အဲ့ဒီ The Help Myanmar အဖွဲ့က ကြီးကြပ်ရေးမှူး ကိုလုံးလုံးကို ဆက်သွယ်မေးမြန်းထားပါတယ်။
အဓိက ဘာတွေလုပ်လဲဗျ။
“အဓိကအားဖြင့် လိင်တူဆက်ဆံတာတွေ၊ လိင်တူချစ်သူတွေပေါ့။ လိင်တူချစ်သူတွေကို ကျနော်တို့က ကြိုတင် ကာကွယ်မှုတွေပေးတယ်။ ကွန်ဒုံးတွေ ဖြန့်ဝေပေးတယ်။ နောက် care and support ပိုင်းကျတော့ အာဟာရ ထောက်ပံ့ပေးတာတို့။ ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တွေက အများကြီးရှိတယ်။”
လုပ်ဆောင်ချက်တွေ အများကြီးဆိုတာ မြို့ပေါ်မှာလား နယ်တွေမှာလား။
“အဓိကကတော့ မြို့ပေါ် ၇ မြို့နယ်။ မန္တလေးထဲမှာဆိုရင် ၇ မြို့နယ်ရှိတယ်။ ၇ မြို့နယ်အတွင်းပေါ့။ နယ်တွေမှာတော့ တခြား လုပ်ငန်းစဉ်က ရတာလေးတွေနဲ့ လုပ်ပေးပါတယ်။ အဓိကကတော့ ကာကွယ်ရေးအပိုင်းလောက်ပဲ လုပ်နိုင်ပါတယ်။”
မြို့ပေါ်မှာရော ဘယ်အပိုင်း အဓိကထားလုပ်ကိုင်ပါလဲ။
“မြို့ပေါ်မှာလည်း ကာကွယ်ခြင်းအပိုင်း သီးသန့်ပါပဲ။ care and support လည်း တွဲလုပ်တယ်ပေါ့။”
ကာကွယ်ရေးအပိုင်းမှာ ဘယ်လိုမျိုးများလဲ။ ဘယ်လိုမျိုးကို အဓိကထား ကာကွယ်ပေးလဲ၊ ပညာပေးလဲ။
“အဓိကတော့ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နဲ့ ပတ်သက်တာ အဓိကပေါ့နော်။ အခု နောက်ပိုင်းမှာ တွဲပြီးအလုပ်လုပ်လာတာက တီဗီလုပ်ငန်းတွေနဲ့ တွဲလုပ်လာတယ်။ နောက် ကလေးတွေကို ရုံးကနေ စာသင်ပေးတာတို့၊ စာရွက်စာတမ်း ထောက်ပံ့ပေးတာတို့၊ နောက် ရပ်ကွက်ထဲမှာဆိုရင် နာမှုကူညီအသင်းလေးတွေနဲ့ တွဲပြီးတော့ ရုံးကနေပြီးတော့ ဖဲကြိုးလေးတွေ လုပ်ပေးတာတို့၊ ဒီလိုမျိုးလေးတွေပါ တွဲလုပ်လာပါတယ်။”
ကလေးတွေဆိုတာက ရောဂါခံစားနေရတဲ့ ကလေးတွေလား။
“မဟုတ်ပါဘူး။ ကျနော်တို့က ရယကနဲ့တွဲပြီးတော့ World Vision လိုမျိုးပေါ့။ ဒါပေမယ့် ဒါကို ကျယ်ကျယ်ပြန့်ပြန့်မလုပ်ရသေးပါဘူး။ ကျနော်တို့ ရုံးက တတ်နိုင်တဲ့ ရန်ပုံငွေနဲ့ သူတို့ကို ထောက်ပံ့ပေးလိုက်တာပေါ့။ ဒါမှမဟုတ်လည်း မိခင်နဲ့ကလေးစောင့်ရှောက်ရေးမှာ ကျနော်တို့ကို တပွဲလောက် ပြောပေးပါဆိုလည်း တွဲလုပ်ပေးတာတို့၊ အဲလိုမျိုး ပူးပေါင်းဆောက်ရွက်တဲ့ သဘောမျိုးပေါ့။”
မြို့ပေါ်တွေမှာ ကာကွယ်ရေးအပိုင်းတွေကို လုပ်ဆောင်ပေးရာမှာ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးတွေ ကူညီပေးရလဲဗျ။
“ကျနော်တို့က အဓိက လိင်တူချစ်သူတွေလို့ ပြောတဲ့အတွက် အဲဒါတွေကို အဓိကထားပြီး ကူညီပေးပါတယ်။ ဒါပေမယ့် ကျနော်တို့ရုံးမှာက တခြား general population လို့ ခေါ်တဲ့ ယောက်ျား၊ မိန်းမတွေကို ကျနော်တို့က ညွှန်းပို့ပေးရတယ်။ ဥပမာ care myanmar က ဒီလုပ်ငန်းလေးတွေ လုပ်တယ်ဆိုရင် ဒီလုပ်ငန်းလေးတွေ လုပ်ဖို့ ဘယ်ကို သွားပါပေါ့။ ကျနော်တို့ရုံးက ၀န်ဆောင်မှု ရနေတာက လိင်တူချစ်သူ သက်သက်အတွက်ပဲ။”
လိင်တူချင်း ချစ်သူတွေကြားမှာ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကာကွယ်ရေး လုပ်နေတယ်ဆိုတော့ ကိုလုံးလုံးတို့ လုပ်နေတဲ့မြို့နယ်မှာ အဲလိုမျိုးလူတွေ ဘယ်လောက် ရှိလဲဗျ။
“မန္တလေးအနေနဲ့ ပျမ်းမျှတွက်ရင်တော့ ထောင်ချီပြီး ရှိမယ်။ အခု ကျနော်တို့နဲ့ ချိတ်ဆက်မိပြီး ၀န်ဆောင်မှုတွေ ရနေတဲ့သူတွေ အကာအကွယ်ရသွားတဲ့သူ ၂၀၀၀ နီးပါးလောက်တော့ ရှိတယ်ဗျ။”
သူတို့တွေက များသောအားဖြင့် ဘာနဲ့ အသက်မွေးဝမ်းကြောင်းလဲဗျ။
“များသောအားဖြင့် ကျနော်တို့က မိန်းမလျာတွေနဲ့ နေတဲ့ သူငယ်တွေကို ဦးစားပေးတယ်။ တချို့က မိန်းမတွေ လိုက်စားပြီးမှ ကျနော်တို့ဆီမှာ လာတာမျိုး ကျနော်တို့က မလိုချင်ဘူး။ အဲဒီတော့ ကျနော်တို့က မိန်းမလျာတွေ များတဲ့အတွက်ကြောင့်မို့လို့ အလှပြင်တဲ့သူတွေပဲ ပေါမယ်။”
သူတို့တွေထဲမှာရော ဒီရောဂါ ဖြစ်နေတဲ့သူ ဘယ်လောက် ရှိလဲ။
“အဲဒါကျတော့ ကျနော် စာရင်း ကြည့်မှ သိမှာပါ။ ကျနော်တို့ခန့်မှန်းပြီး မပြောရဲဘူး။ ဘာကြောင့်လဲဆိုတော့ ကလေးတွေ နောက်ကို လိုက်ကြည့်နေတယ် ဆိုတော့..”
ရာဂဏန်းလောက် ရှိလားဗျ။
“ရာဂဏန်းလောက်တော့ ရှိပါတယ်။”
အခု ကိုလုံးလုံးတို့ အဖွဲ့ကို ဖဲကြိုးနီဆု ပေးလိုက်ပြီ ဆိုတော့ ခင်ဗျားတို့ အဖွဲ့ ပိုတာဝန်ကြီးသွားသလား ဒါမှမဟုတ် ဘယ်လို ခံယူလဲဗျ။
“ကျနော်တို့ ခံယူတာကတော့ ကျနော်တို့ ရုံးက တကယ်အသေးလေးပဲ ရှိသေးတာပေါ့နော်။ ကျနော်တို့ကိုလည်း သူငယ်ချင်းတွေ အကုန်လုံးက congratulation လုပ်ကြတယ်ဆိုတော့ ကျနော်တို့ ရုံးလေးရဲ့ တက်ညီလက်ညီ လုပ်ဆောင်မှုနဲ့ ကျနော်တို့ လိင်တူချစ်သူတွေ အပေါ်မှာ ကျနော်တို့ထားတဲ့ မေတ္တာစေတနာတွေနဲ့ ဆိုတော့ ကျနော်တို့လည်း ၀မ်းသာတယ်။ တာဝန်လည်း ပိုကြီးလာသလို ကျနော်တို့ရုံးရဲ့ လုပ်ဆောင်မှုတွေလည်း ပိုများလာတယ်လို့ ခံယူပါတယ်။ ကျနော်တို့လည်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ ခံယူထားပါတယ်။”
The Help Myanmar အဖွဲ့ရုံးခန်းကို မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မဟာမြိုင် ၁ ရပ်ကွက်၊ ၆၃ လမ်းနဲ့ လမ်း ၄၀ ထောင့်မှာ ဖွင့်လှစ်ထားပါတယ်။











