DVB Logo
Home
မြန်မာသတင်း
နမ္မတူမြို့နယ်တွင် ရွာသား ၁ ဦးကို ပလောင်တပ်ဖွဲ့က ရိုက်နှက်မှုဖြစ်ပွား
DVB
·
August 10, 2018
နမ္မတူမြို့နယ်တွင် ရွာသား ၁ ဦးကို ပလောင်တပ်ဖွဲ့က ရိုက်နှက်မှုဖြစ်ပွား
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ထဲမှာ ပလောင်တပ်ဖွဲ့က စစ်ဘေးရှောင်ထွက်ပြေးသွားတဲ့  ကျေးရွာထဲ ဝင်ရောက်မွှေနှောက် ပစ္စည်းတွေယူသွားပြီး အိမ်စောင့်အဖြစ် ကျန်ရစ်တဲ့ ရွာသားတဦးကို ရိုက်နှက်ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

နမ္မတူမြို့နယ် မိုင်းမုကျေးရွာအုပ်စု နားဟုတ်ကျေးရွာနဲ့ နောင်ငင်းကျေးရွာ ၂ ရွာမှာ  TNLA နဲ့ RCSS/SSA တပ်တွေကြား တိုက်ပွဲဖြစ်မှာစိုးရိမ်ပြီး သြဂုတ်လ ၃ ရက်နေ့က ရွာသားတွေ မန်စံမြို့ကို ထွက်ပြေးသွာခဲ့တာပါ။ သြဂုတ် ၄ ရက်ညနေပိုင်းမှာ ပလောင်တပ်တွေ ရွာထဲဝင်လာတယ်လို့ ဆိုပါတယ်။

နောင်ငင်းရွာသားတဦးက“ပလောင်တပ်ဖွဲ့တွေ ရွာထဲ ဝင်လာပြီး အကုန်မွှေနှောက်သွားတာ။ ဘာရှာမှန်းလဲမသိဘူး။ ဒါပေမယ့် ဈေးဆိုင်ထဲက ပစ္စည်းတွေ ယူသွားတယ်။ သူကြီးအိမ်က ပိုက်ဆံလည်းပါသွားတယ်။ နားဟုတ်ရွာက လုံးဆောဖနဆိုတဲ့ လူကျတော့ သူက သူ့ကျွဲကို စိတ်မချလို့ဆိုပြီး ကျန်ခဲ့တာ။ ပလောင်စစ်သားတွေက တံခါးဖွင့်ခိုင်းတော့ သူဖွင့်မပေးရဲဘူး။ ဒါနဲ့ သူတို့ကတံခါးကိုဖျက်ပြီး အထဲဝင်လာတယ်။ လုံးဆောဖနက ကြောက်ပြီး ခုတင်အောက်ဝင်ပုန်းနေတာ။ သူ့ကို ဆွဲထုတ်ပြီးးတော့ မင်းက RCSS အဖွဲ့ဘဲလို့ ပြောပြီး ကြိုးနဲ့တုတ်တယ်။ ထင်းပုံနားမှာ သွားချည်ထားတယ်။ ပြီးတော့ ရိုက်တယ်။ မျက်နှာတွေဖူးယောင်နေတာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

လုံးဆောဖနအရိုက်ခံရတာကို သူကြီးကို သွားတိုင်တဲ့အခါ နောင်ငင်းရွာသူကြီးက သူဟာ RCSS နဲ့ မပတ်သက်တဲ့ ရိုးရိုးရွာသားဖြစ်ကြောင်း ထောက်ခံပေးလိုက်လို့ ပလောင်တပ်ဖွဲ့က  သူကို ဆေးပြန်ထဲ့ပေးပြီး ပြန်သွားတယ်လို့ ဆိုပါတယ်။

ရွာထဲက အိမ်တွေအဖောက်ခံရကြောင်းသိရတဲ့အတွက် ရွာသားတွေဟာ ကိုယ့်အိမ်ကိုယ်ပြန်ကြည့်ကြရာမှာ အိမ်ထဲမှာ ပစ္စည်းတွေ ဖယိုဖရဲဖြစ်ပြီး နောင်ငင်းရွာက လုံးဆိုင်အိမ်မှာ သေတ္တာထဲသိမ်းထားတဲ့ ငွေ ၁ဝ သိန်းပျောက်ဆုံးနေသလို သူကြီးအိမ်မှာ သိမ်းထားတဲ့ ကျေးရွာရံပုံငွေ ၂၅ သိန်းလည်း ပျောက်ဆုံးကြောင်း၊ နောင်ငင်းက အိမ်ဆိုင် ၁ ဆိုင်၊ နားဟုတ်ရွာက အိမ်ဆိုင်တဆိုင် အဖောက်ခံရပြီး အရောင်းပစ္စည်းတွေပါသွားတယ်လို့ ဆိုပါတယ်။

ခုလို အိမ်တွေအဖောက်ခံရပြီး လူပါအရိုက်ခံရတဲ့အကြောင်း ကျေးရွာအုပ်စုမှူး၊ နမ္မတူမြို့နယ် SNLD လွှတ်တော်အမတ် နန်းစံဟွမ်တို့ကို တိုင်ကြားထားရာမှာ  သြဂုတ် ၇ ရက်မှာ သက်ဆိုင်ရာက ရွာထဲကိုကွင်းဆင်းစစ်ဆေးခဲ့ပြီး အစိုးရတပ်ဘက်က ရွာသားတွေကို ကိုယ့် အိမ်ကိုယ်ပြန်ပြီး တံခါးတွေသေချာပြန်ပိတ်ဖို့သာ ပြောဆိုခဲ့ပါတယ်။

နမ္မတူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့အပတ်က  TNLA နဲ့ RCSS/SSA တပ်တွေကြား တိုက်ပွဲ လည်းဖြစ်ခဲ့တဲ့အတွက်  ၀မ်ဆာ၊ ပန်ဟတ်၊ နောင်ငင်း၊ နားဟုတ်၊ ၀မ်မိုင်၊ ဆာမ်ခါ၊ ကောင်းဟုန်း၊ လုန်မိုတ် စတဲ့ ရွာက ရွာသားပေါင်း ၆ ရာကျော် မန်စံကျောင်းတိုက် (မြောက်ကျောင်း) မှာ စစ်ဘေးရှောင်ခိုလှုံနေကြပါတယ်။

ပလောင်တပ်က အိမ်တွေဖောက်ပြီး  ရွာသားကို ရိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013