DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၃ ဦး အသတ်ခံရ
DVB
·
July 26, 2012
ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၃ ဦး အသတ်ခံရ
Donate to DVB

ထိုင်းနိုင်ငံ ဖန်ငခရိုင်နဲ့ ဆွန်ခလာခရိုင်တွေမှာ ဇူလိုင်လ ၂၅ ရက်နေ့က အမည်မသိ သေနတ် သမားတွေရဲ့ ပစ်ခတ်မှုကြောင့် မြန်မာအလုပ်သမား ၃ ဦး သေဆုံးသွားပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် ထိုင်းမွန်မြို့နားက ရာဘာခြံမှာ အလုပ်လုပ် နေတဲ့ မြန်မာ အလုပ်သမား ကိုထူးနိုင်ဟာ မနေ့ည ၁၀ နာရီလောက် မှာအမည်မသိ သေနတ်သမားတဦးက ၀င်ရောက် ပစ်ခတ်တဲ့အတွက် သေဆုံးသွားခဲ့ပါတယ်။

[caption id="attachment_28472" align="alignleft" width="300" caption="သေဆုံးသွားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုထူးနိုင်"][/caption]

အသက် ၂၇ နှစ်အရွယ် ကိုထူးနိုင်ဟာ ရာဘာခြံမှာ အလုပ်လုပ်နေစဉ် ညပိုင်း ၁၀ နာရီလောက် မှာ သေနတ် ဒဏ်ချက် ၆ ချက်နဲ့ သေဆုံးနေတာလို့  ဖန်ငအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

သေဆုံးသူ ကိုထူးနိုင်ဟာ တနင်္သာရီတိုင်း မြိတ်ကျွန်းစုက ဖြစ်ပြီး အသက် ၃ နှစ်နဲ့ ၁၁ လ အရွယ် သားနှစ်ဦးနဲ့ ဇနီးသည် ကျန်ရစ်ခဲ့ပါတယ်။

အလားတူ ထိုင်း-မလေးရှားနယ်စပ် ဆုံခရာခရိုင် ရာနွတ်ဒေသမှာရှိတဲ့ CPF ပုစွန်စက်ရုံက မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ ဦးလည်း ၂၅ ရက်နေ့ မနက်အစောပိုင်းက သေနတ်နဲ့ ပတ်ခတ်ခံရပြီး ၂ ဦး သေဆုံးသွားခဲ့ပါတယ်။

ဒီအလုပ်သမားတွေဟာ စက်ရုံမှာ အချိန်ပို အလုပ်ဆင်းပြီး အဆောင်ကို ပြန်ရောက်ချိန် စကားပြောနေတုန်း မျက်နှာဖုံးစွပ် ဆိုင်ကယ်စီး သေနတ်သမား ၂ ဦးက ၀င်ရောက်ပစ်ခတ်သွားတာလို့ အတူလုပ်နေတဲ့ အလုပ်သမား ၁ ဦးက ပြောပါတယ်။

သေနတ်ဒဏ်ရာကြောင့် မြန်မာအလုပ်သမား မစံပယ်ဖြူ (ခေါ်)အိစံနဲ့ ကိုအောင်အောင်တို့ ၂ ဦး သေဆုံးသွားခဲ့ပြီး ကိုခင်မောင်ထွန်းကတော့ ဆွန်ခလာဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

“သူတို့ ၃ နာရီခွဲအလုပ်လုပ်တယ်လေ။ ပြန်တော့ သူတို့ ၂ ယောက် ခြံဝမှာ စကားပြောနေတုန်း ဆိုင်ကယ်ကမောင်းလာပြီးတော့ သေနတ်နဲ့ ပစ်တယ်။ မှန်းခြေပြောရရင် ၄ နာရီလောက်ရှိမယ်ထင်တယ်။ ၄ နာရီကားနဲ့ ပြန်သွားကြတာ၊ ဆုံးသွားတဲ့ ၂ ယောက်က ခုံလေးမှာ ထိုင်နေတာ။ အခုလောလောဆယ် ဆေးရုံရောက်နေတဲ့ တယောက်က အဆောင်ပေါ်ကနေ အသံကြားလို့ ထွက်လာလာခြင်းပဲ သူ့ကိုလည်း ပစ်လိုက်တာ၊ ခြေထောက်ကို ၁ ချက်၊ ကျောကို ၂ ချက်။ အခုဆေးရုံမှာ ခွဲစိတ်နေတယ် အခြေအနေကောင်းတယ် ပြောတယ်။”

သေဆုံးသွားတဲ့ မစံပယ်ဖြူ (ခေါ်) အိစံကတော့ မြန်မာ မွတ်ဆလင်ဖြစ်တဲ့အတွက် နေ့ချင်းသင်္ဂြိုဟ်ပြီး ကိုအောင်အောင်ကတော့ ဒီနေ့မှ ဆေးရုံကနေထုတ်ပြီး အနီးအနားက ဘုန်းကြီးကျောင်းမှာ ထားပြီးမှ သင်္ဂြိုဟ်ဖို့ ရှိတယ်လို့ ကိုအောင်အောင်ရဲ့ ဇနီးမအေးမိုးက ပြောပါတယ်။

“သူတို့မှာ ဘာအပြစ်မှ မရှိဘဲနဲ့ အခုလိုဖြစ်တော့ မောင်နှမတွေရော မိသားစုတွေရော ဖြေဆည်လို့ မနိုင်ဘူးလေ။ အောင်အောင်တို့ အမေက သားတယောက်တည်း ရှိတော့ ဘယ်လိုမှ မဖြေဆည်နိုင်ဘူး။ အလောင်းထုတ်ပြီးတော့ ဒီအနီးနားမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာပဲ ၂ ရက် လောက်တော့ ထားပေးမယ်လို့ ပြောတယ်။”

ဒဏ်ရာရရှိသွားတဲ့ ကိုခင်မောင်ထွန်းကတော့ လက်ရှိ ဆွန်ခလာဆေးရုံမှာ ခွဲစိတ်ကုသလို့ အခြေအနေ ပြန်ကောင်းလာတယ်လို့ ဆိုပါတယ်။

မြန်မာအလုပ်သမားတွေ အခုလို သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး အလုပ်သမားအရေး ဆောင်ရွက်ပေးသူတွေက မြန်မာသံရုံး တာဝန်ရှိသူတွေနဲ့ ထိုင်းတာဝန်ရှိသူတွေ ပူးပေါင်းပြီး အမှုမှန် ပေါ်ပေါက်ဖို့နဲ့ ဒီကိစ္စကို ဥဒေအတိုင်း ဆောင်ရွက်သွားမယ်လို့လည်း မြန်မာ အလုပ်သမားအရေး ကူညီပေးတဲ့ ဦးထူးချစ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013