
မိမိအုပ်ချုပ်တဲ့ တပ်ရင်းက အရာရှိ၊ စစ်သည်နဲ့ ရဲမေတွေကို သားသမီးသဖွယ် ဆက်ဆံရမယ်လို့ စစ်အာဏာရှင် တပ်ချုပ်အသစ်က မှာထားပေမဲ့ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ အမှတ် ၄ ဝန်တင်တပ်ရင်းမှာ တပ်ရင်းမှူး အပါအဝင် ၃ ယောက်က လိင်မှုကိစ္စတွေ ကျူးလွန်နေတာကြောင့် တိုင်ကြားခံထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ကျိုင်းတုံမြို့၊ အမှတ် ၄ ဝန်တင်တပ်ရင်းမှာ ရှေ့တန်းထွက်နေတဲ့ စစ်သည်တွေရဲ့ ဇနီးတွေကို တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဇော်လင်းအောင်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူးမြတ်သူအောင်နဲ့ ဌာနခွဲမှူး ဗိုလ်မှူးပြည့်ဖြိုးကျော်တို့က ယောကျ်ားဖြစ်သူမရှိခိုက် လိင်မှုကိစ္စ ကျူးလွန်ခဲ့ကြတာလို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“ယောကျ်ားတွေ ရှေ့တန်းထွက်နေတဲ့အချိန် တပ်ရင်းမှူးရော၊ ဒုတပ်ရင်းမှူးရော အိမ်ထောင်သည် ရဲမေတွေကို လိင်မှုကိစ္စကျူးလွန်တာ၊ ရဲဘော်တွေ နောက်တန်းပြန်လာတဲ့အချိန် အဲဒီကိစ္စသိပြီး မခံနိုင်လို့ စုပြီးတိုင်တာ၊ အဲဒီကိစ္စ အခုချိန်ထိ ရှင်းလို့မပြီးသေးဘူး။”
လိင်မှုကိစ္စ ကျူးလွန်ခံရသူတွေထဲက ရဲဘော် ၃ ယောက်က မေ ၁၂ ရက်မှာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ကို တိုင်ကြားခဲ့ပြီး မေ ၁၉ ရက်မှာ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ် ညွှန်ကြားရေးမှူး ဗိုလ်ချုပ်တင်စိုးဆီ ထပ်မံတိုင်ကြားခဲ့တာလို့ နေပြည်တော်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ဝတရ ၄ က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးကို တိုင်ထားတာ၊ တိုင်စာ ၃ စောင်ရှိပြီ၊ လိင်မှုကိစ္စက တိုင်စာ ၂ စောင်၊ အမျိုးသမီးအရာရှိတွေကို သားပြောမယားပြော ပြောပြီး ထိကပါးရိကပါးလုပ်လို့ တိုင်ထားတာက တိုင်စာတစောင်၊ တပ်ရင်းမှူးက နှာဗူးမှန်း သိသွားလို့ ဝတရ ၄ တပ်ရင်းမှာရှိတဲ့ အမျိုးသမီး အရာရှိတွေကို ပြန်ခေါ်ဖို့လုပ်နေသလို မှီခိုစစ်သည်တွေကိုလည်း တပ်ရင်းမှူးနဲ့ ဝေးဝေးနေဖို့ မှာထားတယ်။”
ကျိုင်းတုံမြို့ အမှတ် ၄ ဝန်တင်တပ်ရင်းမှ လိင်မှုကိစ္စ ကျူးလွန်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တပ်ရင်းမှူး အပါအဝင် ၃ ယောက်ကို ထောက်ပံ့နှင့် ပို့ဆောင်ရေး သင်တန်းကျောင်းမှ ဗိုလ်မှူးကြီးတယောက် ဦးဆောင်ကာ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
ဒီလိုကိစ္စတွေဖြစ်ပြီးနောက် ဝန်တင်တပ်ရင်းမှာ အမျိုးသမီးအရာရှိတွေကို မထားဖို့ တပ်တွင်းအသိုက်အဝန်းထဲမှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်ကလည်း အမှတ် ၄ ဝန်တင်တပ်ရင်းမှာ ပြုလုပ်တဲ့ တပ်တွင်းသင်္ကြန်မှာ အမျိုးသမီးအရာရှိတွေကို တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဇော်လင်းအောင်က အရက်သောက်ပြီး သူနဲ့ အတူတွဲကဖို့ ဖိအားပေးတာအပြင် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာကြောင့် ဧပြီ ၂၉ ရက်က အမျိုးသမီးအရာရှိတွေက တိုင်ကြားခဲ့ပါတယ်။










