
မန္တလေး စည်ပင်သာယာရေးကော်မတီဈေးနဲ့ သားသတ်ဌာနက ဖွင့်လှစ်ထားတဲ့ မြနန္ဒာဈေးမှာ သြဂုတ် ၉ ရက် ညက အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ရေကြီး ရေလျှံ ဖြစ်နေပြီး ဈေးဆိုင်ခန်းတချို့ ပိတ်သိမ်းထားရပါတယ်။
ကုန်စိမ်းရောင်းချသူ ဒေါ်စိန်ဥက “ကျမ ဒီဈေးမှာ ရောင်းလာတာ ၆ နှစ်ကျော်ပြီ။ တံတားဦးဘက်က လာရောင်းတာပါ။ ပေါ်ပင်သီးနှံတွေ အမြဲလာရောင်းတယ်။ မိုးရာသီရောက်တိုင်း ကျမတို့ ဈေးသည်တွေ အရမ်းကို ဒုက္ခရောက်ကြရတယ်။ ဈေးကောက်ကျ မပျက်ဘူး။ လာပြီး ကောက်တယ်။ မိုးရွာရင် မိုးရေတွေက ဒူးခေါင်းတောင် ကျော်တယ်။ ဘယ်လိုလုပ် ရောင်းလို့ရမလဲ။ ရေထဲကို ဘယ်သူက ဆင်းပြီး ဝယ်တော့မှာလဲ။ မိုးကြီးပြီဆိုတိုင်း ဈေးက ရေမြုပ်နေတာ သက်ဆိုင်ရာက လူကြီးတွေ လာကြည့်ပြီး ပြုပြင်စေချင်တယ်” လို့ ပြောပါတယ်။
သြဂုတ် ၉ ရက်က ညလုံးပေါက် မိုးသည်းထန်စွာ ရွာခဲ့တာကြောင့် ချမ်းမြသာစည်မြို့်နယ်ထဲက ဈေးတွေ၊ ကျောင်းတွေ၊ လူနေရပ်ကွက်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေလည်း ရေကြီး နစ်မြုပ်နေပါတယ်။











