DVB Logo
Home
မြန်မာသတင်း
သံလွင်ငြိမ်းချမ်းရေးဥယျာဉ်တွင် တန်ဖိုးကြီးသစ်ခွပန်းမျိုးစုံရှိနေ
DVB
·
August 9, 2018
သံလွင်ငြိမ်းချမ်းရေးဥယျာဉ်တွင် တန်ဖိုးကြီးသစ်ခွပန်းမျိုးစုံရှိနေ
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာရှိတဲ့ ‘သံလွင်ငြိမ်းချမ်းရေးဥယျာဉ်’အတွင်း ကမ္ဘာမှာ မျိုးသုဉ်းလုနီးပြီဖြစ်တဲ့ သစ်ခွမျိုးစေ့တွေရှိနေသေးသလို တန်ဖိုးကြီး သစ်ခွပန်းမျိုးစုံရှိ နေသေးတယ်လို့ ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့မှာ ဌာနေကရင် အမျိုးသမီးတွေက ထုတ်ပြန်ပါတယ်။

ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ကို  ကရင်ပြည်နယ်၊ မူတြော် (ဖာပွန်) ခရိုင်၊ အီးတူထပြည်တွင်းဒုက္ခသည်စခန်းမှာ သြဂုတ် ၈ ရက်နဲ့ ၉ ရက် နှစ်ရက်တာ ကျင်းပခဲ့ပါတယ်။

မနေ့ကတော့ ဌာနေတိုင်းရင်းသားအခွင့်အရေးနဲ့ပတ်သက်ပြီး သင်တန်းတိုတွေပြုလုပ်ခဲ့ သလို  ဒီကနေ့မှာတော့ ဌာနေတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ အသုံးအဆောင်နဲ့ သရုပ်ဖော်ပြသတဲ့ အခမ်းအနားပြုလုပ်သလို “ပန်းမံသစ်ခွစုံလင်လှ…လူမှုဘ၀သာယာလှ” အစီရင်ခံစာသစ်ကိုလည်း မိတ်ဆက်လိုက်ပါတယ်။

အဲဒီအစီရင်ခံစာမှာ ဒေသခံ ဌာနေတိုင်းရင်းသားအမျိုးသမီးတွေက သံလွင်ငြိမ်းချမ်းရေဥ ယာဉ်ထဲမှာရှိနေတဲ့ စုံလင်နေတဲ့ သစ်ခွပန်းအကြောင်းတွေကို အစီရင်ခံစာ ပြုစုထားတာလို့ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုကွန်ရက် စောစိုးဒိုက ပြောပါတယ်။

“သူတို့လေ့လာတွေ့ရှိချက်တွေဖြစ်တဲ့ သစ်ခွ၊ ဒီသစ်ခွတွေဟာ မျိုးစေ့ ဘယ်နှစ်ခုလောက်ရှိ နေသေးတာလဲ၊ နောက် နိုင်ငံတကာကနေပြီး ကူးသန်းရောင်းဝယ်ဖို့  တားဖြစ်ထားတဲ့ သစ်ခွ အမျိုးအစား တွေပါတယ်။ ဒီအစီရင်ခံစာထုတ်ပြန်ခြင်းအားဖြင့် ဒေသတွင်းမှာ ဖတ်မိသူတွေ အနေနဲ့ ကျနော်တို့ ဒေသမှာ ဒီပန်းတွေရှိတယ်။ တန်ဖိုးရှိတဲ့ ဒီသစ်ခွပန်းတွေ ရှိတာသာမက မျိုးသုဉ်းတော့မယ့် သစ်ခွပန်းတွေ ကျနော်တို့နိုင်ငံတွင်းမှာ ရှိနေသေးတယ်”

ဖာပွန်ခရိုင်မှာ ဒေသခံ ဌာနတိုင်းရင်းသားတွေ ဦးဆောင်ပြီး  စတုရန်းကီလိုမီ တာ ၅၄၀၀ ကျယ်ဝန်းတဲ့  သံလွင်ငြိမ်းချမ်းရေးဥယျာဉ် (Salween Peace Park)ကို တည်ထောင်ခဲ့ပါတယ်။

အဲဒီ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံးတို့ အပစ်ရပ်လက်မှတ်ထိုးပြီးနောက်ပိုင်း ဒေသခံတွေက ဦးစီးဆောင်ရွက်ခဲ့တာဖြစ်ပြီး  ငြိမ်းချမ်းရေး တည်ဆောက်ခြင်း၊ ဇီဝမျိုးစိတ်၊မျိုးကွဲများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းနှင့် ယဉ်ကျေးမှု ထိန်းသိမ်းခြင်းတို့အတွက် ရည်စူးရည် ဆောင်ရွက်ခဲ့ကြတာပါ။

ဒါ့အပြင် ဒီကနေ့ကျရောက်တဲ့အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့မှာ မြန်မာ နိုင်ငံတွင်း ဌာနေတိုင်းရင်းသားတွေ အနေနဲ့ မိမိတို့ရဲ့ မြေယာမှာ အေးချမ်းစွာ နေထိုင်နိုင်ရေး ကိုလည်း တောင်းဆိုလိုက်ပါတယ်။

“ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ဌာနေတိုင်းရင်းသားတွေ ဘာအခွင့်အရေးမှ မရှိဘူး။ ကုလသမဂ္ဂက သဘောတူထုတ်ပြန်ထားတဲ့ ဌာနေတိုင်းရင်းသားအခွင့်အရေးတွေလည်း ကျနော်တို့မရဘူး။ ဌာနေတိုင်းရင်းသားတွေ အနေနဲ့ကိုယ့်ရဲ မိဘဘိုးဘွားတွေရဲ့ မြေယာဒေသတွေမှာ နေထိုင်ခွင့်နဲ့ သဘာဝပတ်ဝန်းကျင်တွေ ထိန်းသိမ်းစောင့် ရှောက်ခွင့်ရှိ တယ်။ ကျနော်တို့ဒါကို လိုချင်တယ်ဒါပေမယ့် ကျနော်တို့မရဘူး။ ”လို့ စောစိုးဒိုက ပြောပါတယ်။

အီးတူထပြည်တွင်းဒုက္ခသည်စခန်းမှာ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ ကို လူထောင်ချီတက်ရောက်ခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ အထိမ်းအမှတ်ပွဲကို ဒီကနေ့ ရန်ကုန်မြို့မှာလည်း ကျင်းပပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ဌာနေတိုင်းရင်းသားဦးရေနဲ့ မျိုးနွယ်စုပေါင်း ဘယ်လောက်ရှိ လဲဆိုတာကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိပေမယ့် အာရှတိုက်မှာ ဌာနေတိုင်းရင်းသားဦးရေ သန်း ၂၆၀ နဲ့ မျိုးနွယ်စုပေါင်း ၂၀၀၀ ကျော်ရှိကြောင်း ပွိင့်ရိုးရာဝန်းကျင်မြှင့်တင်ရေးအဖွဲ့ရဲ့ ထုတ်ပြန်စာမှာ တွေ့ရပါတယ်။

ကမ္ဘာပေါ်မှာ မှီတင်းနေထိုင်နေတဲ့ ဌာနေတိုင်းရင်းသားများဦးရေမှာ သန်းပေါင်း ၃၇၀ ခန့်ရှိပြီး နိုင်ငံပေါင်း ၉၀ မှာ ဖြန့်ကြက် နေထိုင်ကြပါတယ်။ ဌာနေတိုင်းရင်းသားတွေဟာ ဘာသာစကား ၇၀၀၀ ခန့်နဲ့  ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာပေါင်း ၅၀၀၀ ခန့်ကို ထိန်းသိမ်းကျင့်သုံးနေတယ်လို့လည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013